ဘားအံ အောက်တိုဘာ ၁၂

၂၀၂၁ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာလ ၁၂ ရက် နံနက် ၈ နာရီခန့်က ဘားအံမြို့ လှာကမြင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ကော့ကရိတ်မြို့နယ်အသင်းနှင့် ဖါပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကော့ကရိတ်မြို့နယ်အသင်းက ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မြို့နယ်လက်ရွေးစင်ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်း အသင်းပေါင်း(၆)သင်းက အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး (၃)ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားအလိုက် ပွဲစဉ်ပေါင်း(၁၀)ပွဲစီဖြင့် အောက်တို ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲသည့်အသင်းအား ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လှာကမြင်အားကစားကွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၅၈ ဒသမ ၉၁၂ သန်းဖြင့်  (၈၀ပေ x ၄၀ပေ) RC အမျိုးအစား လေးခန်းတွဲသုံးထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်ပြီးစီးမှု၊ ပြည်နယ်ပိုက်ကျော်ခြင်း အားကစားလေ့ကျင့်ရေးရုံနှင့် ပြည်နယ်ကြက်တောင် အားကစားလေ့ကျင့်ရေးရုံတို့အား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် နှင့် တာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုပြီးစီးမှု၊ အားကစားရုံနှင့် အားကစားကွင်းများ ပြင်ဆင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)