ဘားအံမြို့၌ သဘာဝဥယျာဉ်နှင့် ပန်းခြံများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

နေပြည်တော် စက်တင်ဘာ ၂၆

 

ဘားအံမြို့သည် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဆွဲဆောင်ရာနေရာဒေသ ဖြစ်သည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ခရီးသွားပြည်သူများနှင့် ဒေသခံများ အပန်းဖြေနိုင်ရန်နှင့် စိတ်ပျော်ရွှင်ကြည်နူးစေရန် ရည်ရွယ်၍ ဘားမဲတောင်သဘာဝဥယျဉ်၊ ဇွဲကပင်ပန်းခြံနှင့် လှာကမြင်ပန်းခြံတို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

 

“ဘားမဲတောင်သဘောဝဥယျာဉ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စတင်ပြီးအဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါတယ်၊ ဘားမဲတောင်ပတ်လမ်း မူလလမ်းအကျယ် (၁၆) ပေကို (၂၄) ပေ ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း၊ ရိုးရာအစားအစာဆိုင် ဆောက်လုပ်ခြင်း၊ ကျန်းမာရေး အားကစားပစ္စည်းများ တပ်ဆင်ခြင်း၊ ဘားမဲတောင်ဂိတ် (၃) ကားပါကင်ပြုလုပ်ခြင်း၊ ဒေသထွက်ပစ္စည်းဆိုင် ဆောက်လုပ်ခြင်းနဲ့ အများသုံး သန့်စင်ခန်းဆောက်လုပ်ခြင်း လုပ်ငန်း အပါအဝင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စုစုပေါင်း ၃၁ ခု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်”ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရဦးမြင့်သူ က ပြောသည်။

 

mdn

 

အဆိုပါဥယျာဉ်ကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အပန်းဖြေရန် သစ်တောသစ်ပင် နှင့် သဘာဝဝန်းကျင်၏ တန်ဖိုးနှင့် အရေးကြီးပုံများကို ပြည်သူလူထုအများစုမှ သဘောပေါက် တန်ဖိုးထားတက်စေရန်၊ ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ သုတေသနပြုသူများ အတွက် အသုံးပြုအားထားရာ နေရာတစ်ခုဖြစ်ပြီး၊ မျိုးသုန်းရန် အန္တရာယ်ရှိသည့် အပင်နှင့် သစ်မျိုး၊ ပန်းမျိုးများ မပျောက်ပျက်စေရန်၊ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိစေရန်နှင့် အပန်းလည်းပြေ၊ ဗဟုသုတလည်း ရစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“လှာကမြင်ပန်းခြံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပန်းခြံအတွင်း တည်ဆောက်ရေး လုပ်ငန်းတွေကတော့ ခြံစည်းရိုးကာရံခြင်း၊ မြေဖို့ခြင်းလုပ်ငန်း၊ ကွန်ကရစ် လျှောက်လမ်းခင်းခြင်း၊ ရေပန်း(၂) ခု ပြုလုပ်ခြင်း၊ ရေတံခွန် (၁) ခုပြုလုပ်ခြင်း၊ ဂုံးတံတား (၁) ခုပြုလုပ်ခြင်း၊ နားနေဆောင် (၅) ဆောင်ပြုလုပ်ခြင်း၊ ကလေးကစားစရာပစ္စည်း (၁၀) မျိုး ဝယ်ယူတပ်ဆင်ခြင်း၊ အလှပန်း မြေယာရူခင်းပြုလုပ်ခြင်းနဲ့ မြက်စိုက်ခြင်းတို့ဖြစ်ပြီး အားလုံးဆောင်ရွက်ပြီးပါပြီ ” ဟု ညွှန်ကြားရေးမှူး သူရဦးမြင့်သူ က ဆက်လက်ပြောကြားသည်။

 

အဆိုပါ လှာကမြင်ပန်းခြံတည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ပန်းခြံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၇) ရက်တွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် ကရင်ပြည်နယ် နေ့မတိုင်မီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဇွဲကပင်ပန်းခြံအတွင်း ဇွဲကပင်တောင်ပုံရိပ် ပြုလုပ်ခြင်း၊ ကလေးကစားစရာပစ္စည်းများ တပ်ဆင်ခြင်း၊ ရေတံခွန်ပြုလုပ်ခြင်းနှင့် Tea shop အရောင်းဆိုင် ဆောက်လုပ်ခြင်း အပါအဝင် တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၂၀ ကို တည်ဆောက်ပြီးစီးပြီဖြစ်၍ ၂၀၂၁ မတ် ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဦးပေါက်တံတား ကို ၂၀၂၂ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းနှင့် တံတား အကျယ် ၆ ပေ အရှည် ပေ ၁၁၀၀ ရှိပြီး သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

 

မင်းမင်း