နေပြည်တော် ၃၀ နိုဝင်ဘာ

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကျင်းပသည့် သံဃာတော်/ သီလရှင် အပါး ၅၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် ဘားအံမြို့ရှိ လေယာဉ်ကွင်း၌ ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေမြို့ မိုင်းသောက်စာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလထံမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီးနန့်ကြင်ကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

 

့ြျမ

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီးနန့်ကြင်ကြည်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် စေတနာရှင်ပြည်သူများက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကြွရောက်တော်မူကြသော သံဃာတော်/သီလရှင်အပါး ၅၀၀၀ အား လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်စိမ်းတို့ကို လောင်းလှူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ မြကျိုင်းတောင်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ ကောင်းမှုတော်စေတီ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တင် လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ရွှေထီးတော်ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ တင်လှူပူဇော်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းသမိုင်းဝင် သုဝဏ္ဏဘုမ္မိ ဂဝံ ယဉ်ကျေးမှု သုတေသနပြတိုက် အဆောက်အအုံ တည်ဆောက်နေမှုနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာရှိ စေတီများတွင် တင်လှူပူဇော်မည့် ထီးတော်များ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုသည်။

သတင်းစဉ်