ဘားအံ ၆  သြဂုတ် 
    

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့ မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက်သို့ ကျော်လွန်၍ ၈၂၇ စင်တီမီတာသို့ ရောက်ရှိနေရာ မြို့ပေါ်ရပ်ကွက် အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးမှုအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
     

ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီပြောင်းရွှေ့နေရာချထားပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ῝အန်တီတို့က သဘာဝဘေးနဲ့ပတ်သက်ပြီး နှစ်တိုင်းကို ပြင်ဆင်ထားတယ်၊ မနှစ်ကပိုပြီး ရေကြီးတော့ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်ကိုပိုပြီးတော့ ဂရုတစိုက်နဲ့ ပြင်ဆင်ထားတယ်၊ သံလွင်မြစ်ကြောင်းသာ ဖော်နိုင်မယ်ဆိုရင် ရေစီးရေလာမှန်သွားပြီးတော့ ဒီလောက်ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး၊ ရေဘေးရှောင်စခန်းက ဒီနေ့မှ စပြီးတော့ဖွင့်တာပါ၊ စီမံချက်တွေရေဆွဲထားပြီးတော့ အားလုံးက အဆင်သင့်ပါပဲ ῎ ဟုပြောသည်။     

 

1


     

ဘားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေယဉ်မျှော်နှင့် အစ္စလာမ်ကျောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ အထက(၃)၊ အောင်သံလွင်အားကစားကွင်းနှင့် အလက(၆)ကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း(၆)ခုတွင် ယနေ့နံနက်ပိုင်းမှစ၍ ပြောင်းရွှေ့နေထိုင်ကြလျက်ရှိကာ လိုအပ်ပါက ရေဘေးကယ်ဆယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်ပေးရန် ပြင်ဆင်ထားကြောင်း သိရသည်။
      

ဘားအံမြို့နယ်တွင် ရေးကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၀ ခေတ္တပိတ်ထားရ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိကြောင်းနှင့် ရေဘေးရှောင်ပြည်သူများအား ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

     
စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

1