ဘားအံ ၂၀ အောက်တိုဘာ

 

လူ့အဖွဲ့အစည်းအတွင်း ဆင့်ကဲပြောင်းလဲမှုများကို ဓါတ်ပုံမှတ်တမ်းအနေဖြင့် ပြသထားပြီး ဘားအံမြို့၏ လွန်ခဲ့သော ရှေးနှစ်ပေါင်း (၅၀)(၆၀)ခန့်က ဓါတ်ပုံဟောင်းများကို စုစည်း၍ ထိုစဉ်အချိန်ကပုံရိပ်နှင့် ယခုပုံရိပ် ပြောင်းလဲလာမှုကို သိရှိစေလိုသော ပြသလိုသော ရည်ရွယ်ချက်ဖြင့် ဘားအံမြို့ လူထုအမှတ်သညာပွဲတော် Open History Project ကို အောက်တိုဘာ ၁၉ ရက် နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့ရှိ ရှေးကျသော ဓါတ်ပုံများ၊ ကရင်ရိုးရာရှေးဟောင်း တူရိယာများ၊ ပန်းချီ၊ ပန်းပု၊ ရှေးပုံရိပ်ပို့စကတ်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကာ ဘားအံမြို့နှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ထုံးကျောက်ဂူများနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ပန်းချီ ပန်းပု လက်တွေ့ရေးဆွဲခြင်းများ၊ ကဗျာရွတ်ဆိုခြင်းများ၊ ဘားအံမြို့ အမှတ်တရစကားဝိုင်းများ၊ ဓါတ်ပုံနှင့် မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လူထုအမှတ်သညာပွဲတော်ကို HELVETAS Myanmar နှင့် German Federal Foreign Office᾿s တို့၏ အထောက်အပံ့ဖြင့် Yangon Pansodan Gallery မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကား ပြောကြားကာ  လူထုအမှတ်သညာပွဲတော်နှင့် Open History Project ဒါရိုက်တာဖြစ်သူ ဦးအောင်စိုးမင်းက ပြည်နယ်ဝန်ကြီးချုပ်ထံ အမှတ်တရပန်းချီကားချပ် ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည် ဓါတ်ပုံ၊ ပန်းချီ၊ ရှေးဟောင်းတူရိယာများအား ကြည့်ရှုအားပေးခဲ့သည်။

 

ယခုပွဲတော်သည် ဘားအံမြို့တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခု ပြောင်းလဲလာပုံကို လူထုကြားက သမိုင်းအဖြစ် ချဉ်းကပ်လေ့လာကာ ဓါတ်ပုံမှတ်တမ်းများ၊ အနုပညာပစ္စည်းများဖြင့် ပြပွဲအဖြစ် ခင်းကျင်းပြသထားပြီး မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)