ဘားအံ ၂၄ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုန်း ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် သောက်ရေ၊ သုံးရေအခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အနက်ပေ ရာနှင့်ချီတူးဖော်နိုင်သော ကျောက်ဖောက်တွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။
ရေအခက်အခဲ ဖြစ်ပေါ်နေသော ကျေးရွာများ၌ ရေရှည်ကာလများတွင် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ပညာရှင်များပါဝင်သည့် Geo Physical Survey မြေအောက်ရေ အခြေအနေတိုင်းတာသည့် အဖွဲ့ဖြင့် ကွင်းဆင်းတိုင်းတာခဲ့ပြီး ရေတွင်းကုန်း၊ နတ်ကုန်း၊ ငှက်ပျောတောနှင့် ကော့ပတိုင်ကျေးရွာတို့တွင် ကျောက်ဖောက် တွင်းတူးစက်ကြီးများဖြင့် စက်ရေတွင်း တွင်းနက်(၁)တွင်းစီ တူးဖော်ပေးသွားမည်ဖြစ်သည်။
ယခုအခါ ရေတွင်းကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ DRD 008 ကျောက်ဖောက် တွင်းတူးစက်ကြီးဖြင့် လည်းကောင်း၊ နတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း၌ အမှတ်(၂) ဘိလပ်မြေစက်ရုံ တန် ၄၀၀၀ မှ TOHO Drilling Machine စက်ကြီးဖြင့်လည်ကောင်း၊ ငှက်ပျောတောကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ DRB 006 ကျောက်ဖောက် တွင်းတူးစက်ကြီး ဖြင့်လည်ကောင်း စက်ရေတွင်း (တွင်းနက်)တစ်တွင်းစီကို တူးဖော်ပေးလျက်ရှိပြီး ကော့ပတိုင်ကျေးရွာတွင်လည်း စက်ရေတွင်း(တွင်းနက်) တစ်တွင်းကို တူးဖော်ပေးသွားမည် ဖြစ်သည်။
“ကျွန်တော်တို့ ကျေးလက်ဦးစီးဌာနအနေနဲ့ ရေလိုအပ်ချက်ရှိတဲ့ ကျေးရွာတွေကို ဦးစားပေးအလိုက် နှစ်စဉ် ရေအရင်းအမြစ် လုပ်ငန်းသစ်တွေ ဆောင်ရွက်ပေးနေသလို ရှိပြီးသား အများသုံး သောက်ရေသုံးရေတွင်းတွေကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးတာတွေ ရှိပါတယ်၊ ရေရှည်မှာ ကျေးရွာပြည်သူ ပူးပေါင်းပါဝင်မှုနဲ့ အိမ်တိုင်ရာရောက် ရေမီတာသုံး ရေပေးဝေရေး စနစ်တွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
အလားတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နတ်ကုန်းကျေးရွာတွင် ၂၀၁၆-၂၀၁၇ ခုနှစ်က တူးဖော် ပေးခဲ့သော စက်ရေတွင်း(တွင်းနက်) တစ်တွင်းအား အဆင့်မြှင့်တင် ရေစင်ဆောက်လုပ်ပေးပြီး ကျေးရွာပြည်သူများ လွယ်လင့်တကူ သောက်သုံးရေများ လာရောက်သယ်ယူနိုင်ရေး ကျေးရွာလမ်းမကြီးဘေးတွင် အများသုံးရေတိုင်များ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုတူးဖော်ပေးလျက်ရှိသည့် စက်ရေတွင်း တွင်းနက်များသည် ကရင်ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စက်ရေတွင်းတစ်တွင်းလျှင် တစ်ရက်ပျှမ်းမျှရေဂါလံ ထောင်နှင့်ချီ ထွက်ရှိနိုင်မည်ဖြစ်ကာ အဆိုပါ ကျေးရွာများရှိ အိမ်ခြေ ၅၀၃ လုံးမှ လူဦးရေ ၂၀၂၃ ဦးတို့အတွက် သန့်ရှင်းသော သောက်ရေသုံးရေများကို ရာသီမရွေး ထုတ်ယူသုံးစွဲနိုင်မည် ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


