ဘားအံ ၉ ဩဂုတ်

 

ကရင်ပြည်နယ် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် “သိမှတ်ဖွယ်ရာအဖြာဖြာ စာပေထဲမှာရှာ၊ စာပေဖတ်ရှု လေ့လာမှု လူသားတိုင်း ကောင်းကျိုးပြု” ဆောင်ပုဒ်နှင့်အညီ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာများရှိ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ စာပေကို အလွယ်တကူဖတ်ရှုနိုင်ရန်နှင့် ဗဟုသုတများရရှိစေရန်အတွက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ပေးလျက်ရှိရာ ယမန်နေ့က ဘားအံမြို့ အ-ထ-က(ခွဲ)မိဇံနှင့် အ-ထ-က(ခွဲ) ပေါ့ထော်ကျောင်းများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စာအုပ်များ ငှားရမ်းပေးရာတွင် ကျောင်းသားတစ်ဦးလျှင်စာအုပ်(၂)အုပ်နှုန်းဖြင့် (၂)ပတ်လျှင် တစ်ကြိမ် စာငှားဆောင်ရွက်ပေးပြီး စာငှားကတ်၊ အသင်းဝင်ကတ်များကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း(၂၃)ကျောင်း၊ ရပ်ကွက် ကျေးရွာများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ စုစုပေါင်း (၃၅)နေရာသို့  (၂)ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးစိုးအေး (ပြန်/ဆက်)