ဘားအံ ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် မော်တော်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဘားအံမြို့ အမှတ်(၂)ရပ်ကွက် စံပြဈေး၊ အုန်းတပင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေးတို့ကို ပြောကြားခဲ့သည်။
ဘားအံမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၄၈၅)ဦး၊ ဆေးရုံတက် ရောက်ကုသဆဲလူနာ (၁၈၆)ဦး၊ သေဆုံးလူနာ (၇၀)ဦးရှိပြီးဖြစ်ကြောင်း ဘားအံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


