ဘားအံ ၆ သြဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေမြင့်တက်လာကာ ယနေ့နံနက်ပိုင်းမှ စတင်၍ ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခု စတင်ဖွင့်လှစ်ခဲ့ရပြီး မြို့ပေါ်ကျောင်း(၂)ကျောင်း၊ ကျေးရွာများတွင် (၁၈)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၂၀)ကျောင်းအတွင်း ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။
ယနေ့ နံနက် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်(၇၅၀)စင်တီမီတာ အထက်သို့ ကျော်လွန်၍ (၈၂၇) စင်တီမီတာသို့ ရောက်ရှိနေရာ ဘားအံမြို့နယ်အတွင်း မြို့ပေါ်စာသင်ကျောင်း (၂)ကျောင်းဖြစ်သော မူလွန်(၂)ဘားအံ၊ အ.မ.က (၁၁)ဘားအံနှင့် ကျေးရွာကျောင်းများဖြစ်သော အ.ထ.က ခရားအတွင်း၊ မူလွန်ခရားအတွင်း(၁)၊ မူလွန်ခရားအတွင်း(၂)၊ မူလွန်ခရားအပြင်(၂)၊ အ.မ.က ဂျိုင်း၊ အ.ထ.က ဂျိုင်း၊ အ.လ.က(ခွဲ) ခရာအပြင်(၁)၊ အ.မ.က အိမ်တိုင်ကုန်း၊ မူလွန်ခရားကမ်းနား၊ အ.ထ.က(ခွဲ)မိဇံ၊ အ.မ.က ဇာသပြင်(၁)၊ အ.မ.က ဇာသပြင်(၅)၊ အ.မ.က ဇာသပြင်(၇)၊ အ.မ.က အိမ်သုံးလုံး၊ အ.မ.က ကော့လမု၊ မူလွန်ကော့သင်း၊ အ.လ.က နတ်ကျွန်း(၂)၊ အ.မ.က သံလှယ်အရှေ့ ကျောင်းများအတွင်း ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။
အလားတူ ဘားအံမြို့နယ်၊ နတ်ကျွန်ကျေးရွာအုပ်စု နတ်ကျွန်းကျေးရွာအတွင်းသို့ မြေပြင်အထက် ရေသုံးပေခန့် ဝင်ရောက်လျက်ရှိရာ ကျေးရွာရှိအိမ်ခြေ (၁၈၂)အိမ်၊ အိမ်ထောင်စု (၁၉၀)စုတို့မှာ နေအိမ်အောက်ထပ်မှ အပေါ်ထပ်သို့ ပြောင်းရွေ့နေထိုင်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရမည့်အခြေအနေ မရှိသေးကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


