ဘားအံ ၃ ဒီဇင်ဘာ
ကရင်ပြည်နယ်အတွင်း အထွက်နှုန်း ကောင်းသီးနှံများအရည်အသေွး ပြည့်စွာစိုက်ပျိုးနိုင်စေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သော သီးနှံအလိုက်အထွက်နှုန်း ထူးချွန်တောင်သူဆု ပေးအပ်ပွဲ အခမ်းအနားကို ဘားအံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒီဇင်ဘာ(၃)ရက်နေ့၊ နံနက်(၁၁)နာရီက စုပေါင်းရုံး ခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က အမှာစကားပြောကြားပြီး ကရင်ပြည် နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က ဆုရတောင်သူများအား ဂုဏ်ပြုစကား ပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇင်စခုတ်က ဂုဏ်ပြုဆုချီးမြှင့်ပေးရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။
(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်ဆုများ ပေးအပ်ပွဲတွင် ပြည်နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးဆု(၁၇)ဆု ချီးမြှင့်ပေးခဲ့ပြီး ဘားအံမြို့နယ်အတွင်း သီးနှံအလိုက် အထွက်နှုန်းထူးချွန်ဆုရရှိသူ တောင်သူများအား ထပ်မံ၍ ဆုပေးအပ်ပွဲ အခမ်းအနားပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
အဆိုပါချီးမြှင့်ခြင်းအခမ်းအနားတွင် ဘားအံမြို့နယ်အတွင်းရှိ ဂျိုင်း၊ ဖားကပ်၊ ကျုံဖဲ၊ မိန်းမလှ၊ ရေကျော်၊ ပေါ့ထော်၊ ကော့ကျိုက်၊ ဝင်းဒရယ်ကျေးရွာများမှ မိုးစပါး၊ နွေစပါး၊ အစေ့ထုတ်ပြောင်း၊ ဆောင်းသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ နှမ်း၊ မြေပဲစိုက်ပျိုးရာတွင် သီးနှံအလိုက် အထွက်နှုန်းထူးချွန်တောင်သူများအား ဆုများကို ချီးမြှင့် ပေးခဲ့ကြောင်း သိရှိရသည်။
နေမျိုးလွင်(ပြန်/ဆက်)