ဘားအံ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရောဂါပိုးကင်းစင်၍ သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရည်ရွယ်၍ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၃၂)ရွာတွင် ရေတွင်းများအား တွင်းဆေးတွင်းမှုတ် ပြုလုပ်ခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့၊ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစောဘကြည်၊ ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်နှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ ဇူလိုင်လ အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းကြောင့် ကျေးရွာရှိ ရေတွင်းများတွင် အညစ်အကြေး၊ ရောဂါပိုးမွှားများ ကင်းစင်စေရန်၊ ကျေးလက်နေပြည်သူများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရန်၊ ရေတွင်းများအား တွင်းဆေးတွင်းမှုတ် ပြုလုပ်ခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်း လုပ်ငန်းများကို စနစ်တကျကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်မိရပ်ဖများ၊ ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ တွင်းဆေးတွင်းမှုတ် ပြုလုပ်ခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်း လုပ်ငန်းများကို ကျေးရွာပေါင်း(၃၂)ရွာ၌ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဘားအံမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုဒဏ် ခံစားရသော ကျန်ရှိကျေးရွာများအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်ထံမှ သိရသည်။
ဆက်လူ


