ဘားအံ နိုဝင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေစဉ်အတွင်း ယာယီပိတ် ထားခဲ့ရာမှ ယခုအခါ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ပိုင်းမှစ၍ အခြေခံ ပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသည်ကို မြင်တွေ့ရသည်။
ထိုသို့ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့များ၊ ဆရာ/မများ၊ ကျေင်းသားမိဘများ၊ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးနေကြသည်ကိုလည်း မြင်တွေ့ရပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှလည်း လိုက်လံကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။
ထို့အတူ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီဖြစ်၍ ကျောင်းအပ်နှံရခြင်းမရှိသေးသော ကျောင်းသား/သူ အချို့မှာလည်း မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက်ကျောင်းအပ်နှံနေကြသည်ကို မြင်တွေ့ရပြီး ကျောင်းသား/သူများ ကျောင်းခေါ်ချိန် ပြည့်မီစေရေးအတွက် ယနေ့မှစ၍ ရက်သတ္တပတ်(၃)ပတ်အတွင်း၌သာ ကျောင်းအပ်လက်ခံမည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရကာ အချိန်မီကျောင်းအပ်နှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း အသံချဲ့စက်များဖြင့် လှည့်လည်တိုက်တွန်းနှိုးဆော်ပေးနေသည်ကိုလည်း မြင်တွေ့ရသည်။
ပြန်လည်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလမ်းစိုပြေရေး၊ စာသင်ဆောင်၊ စာသင်ခန်း၊ စာသင်ခုံ စသည်ဖြင့် ပြည့်စုံလုံလောက်မှုရှိစေရေး တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက် ထားသည့်အတွက် စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ဘားအံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၄၃၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၅ ကျောင်း စုစုပေါင်းကျောင်းပေါင်း ၄၃၈ ကျောင်းကို ယနေ့နံနက်တွင် ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် သံတောင်ကြီးမြို့နယ်နှင့်ဖါပွန်မြို့နယ်တို့မှအပ ကျန်မြို့နယ်များရှိ ကျောင်းပေါင်း ၁၁၅၉ ကျောင်း ယနေ့နံနက်မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


