ဘားအံ အောက်တိုဘာ ၂၂

 

ကရင်ပြည်နယ် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ ၂၄ ရွာတွင် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)၊ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအနက် အလယ်၊ နောင်လုံ(အနောက်)၊ ခလောက်တောင်၊ မိသရောင်၊ ပိုင်ရမ်း၊ နောင်အိမ်ဆိုင်+ရွှေလှိုင်၊ မြပြည်(သရက်တော)၊ ကော့သကြား၊ ကော့ကမာ၊ ကော့ဆံမိန်၊ တောင်းကလေး၊ ကော့ပတိုင်၊ နတ်ကုန်း(ငှက်ပျောတော)၊ ကမ်းကြီး၊ ဆယ်မိုင်ကုန်း၊ ကော့လမု၊ တံတားဦး၊ ဝင်းကျန်၊ ပိန္နဲကုန်း(ကမ်းနား-၁)၊ ကော့ဝုန်း၊ သာမည၊ ညောင်ပင်စု၊ ကမော့တော၊ ကမော့ညော စုစုပေါင်းကျေးရွာ ၂၄ ရွာတွင် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)၊ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာ ၂၄ ရွာသို့ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်နှင့် တာဝန်ခံဝန်ထမ်းများက ကျေးရွာတစ်ရွာချင်းစီသို့ သွားရောက်ကာ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)၊ ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာများ၊ သင်ခန်းစာများကို စနစ်တကျ လေ့ကျင့်သင်ကြားပို့ချပေးခြင်း၊ သင်တန်းသို့ တက်ရောက်ခဲ့ကြ သည့် သင်တန်းသား၊ သင်တန်းသူများကို အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း လက်ကမ်းစာစောင်နှင့် Vinyl များ အခမဲ့ပေးအပ်ခြင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း၊ သင်တန်းများကို ဘားအံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်ပထမအပတ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာတာဝန်ခံ၊ ကျေးရွာရပ်မိရပ်ဖများ၊ စီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်းဦးရေ ၃၆၀ ကျော် တက်ရောက်ခဲ့ကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်ထံမှ သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)