ဘားအံ ဩဂုတ် ၂၃
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆောက်လုပ် ထားသည့် အောက်ဆီဂျင် စက်ရုံ (၁)ရုံ ၊ ပြည်နယ်အစိုးရအဖွဲ့ထံသို့ စေတနာရှင်များမှ လှူဒါန်း သည့် ကိုဗစ်-၁၉ လှူဒါန်းငွေဖြင့် ဝယ်ယူသည့် Oxygen Mobile Plant (၁) လုံး ၊ဘားအံမြို့သူ /မြို့သား အောက်ဆီဂျင် ဖြစ်မြောက်ရေး အဖွဲ့မှ ဘားအံမြို့သူ /မြို့သားများမှ စုပေါင်းလှူဒါန်း ငွေဖြင့်ဝယ်ယူထားသည့် Oxygen Mobile Plant (၁) လုံး ဖြင့် အောက်ဆီဂျင်များ (၂၄) နာရီ အခမဲ့ထုတ်လုပ်ပေး နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်ကို လှာကမြင် ကွက်သစ် အောက်ဆီဂျင်စက်ရုံတွင် တပ်ဆင်ထားရှိပြီး တစ်နေ့လျှင် (၄၀) လီတာဝင် ဆလင်ဒါအိုး (၂၀၀) ခန့် ထုတ်လုပ်နိုင်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ စေတနာရှင် ၊အလှူရှင်များမှ လှူဒါန်းသည့် မိုဘိုင်း အောက်ဆီ ဂျင်စက်နှင့်ဘားအံမြို့သူ/မြို့သားများအောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့မှ တပ်ဆင်မည့် မိုဘိုင်း အောက် ဆီဂျင် စက်များမှာ တစ်နေ့လျှင် (၄၀) လီတာဝင် ဆလင်ဒါအိုး (၆၄)လုံးခန့် ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း အောက်ဆီဂျင်မိုဘိုင်းစက်များကို တာဝန်ယူတပ်ဆင်နေသည့်အောင်ကြီး AGGC ကုမ္ပဏီမှ Project မန်နေဂျာ ဦးဝင်းနောင်လင်းထံမှ သိရှိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေ သည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ ၊ ပရဟိတ အဖွဲ့အစည်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများထံသို့ (၂၄)နာရီ ပိတ်ရက်မရှိ အောက်ဆီဂျင်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များထံမှ သိရှိရသည်။
ခရိုင် ( ပြန်/ဆက်)


