ဘားအံ ဇွန် ၁၈
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့်စွန့်ပစ်မှုများ ဖြစ်စေရေးအတွက် ကရင်ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ ခွဲခြား စွန့်ပစ်မှုပညာပေး သရုပ်ပြပွဲကို ဇွန် ၁၈ ရက်နံနက် ပိုင်းက ဘားအံမြို့ပေါ်ဈေးများ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူ များတက်ရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ဘားအံမြို့ အမှတ် (၂) ရပ်ကွက်ရှိ မြို့မဈေးကြီးနှင့် အမှတ် (၁) အဆင့်မြင့်စံပြဈေး၊ အမှတ် (၅) ရပ်ကွက်ရှိ မာန်အောင်ဈေး၊ အမှတ် (၆) ရပ်ကွက်ရှိ သီရိဈေးတို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များက ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများ အား အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး၍ အမှိုက်ခွဲခြား စွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အကျိုးရှိအောင်ပြန်လည် အသုံးပြုနိုင်ပုံများနှင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများအား စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်စေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဈေးများအတွင်း ဈေးသူ/ ဈေးသားများနှင့် ဒေသခံပြည်သူများ၏ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး၊ အဝတ်အထည် အစရှိသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)