ဘားအံ   ဒီဇင်ဘာ   ၈
           

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံ ခြင်းနှင့် ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းများကို ယနေ့နံနက် (၁၀)နာရီက ဘားအံမြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
            

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံကို ဘားအံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အိတ်ချ်အိုင်ဗီနှင့် ဆစ်ပလစ်ပိုးရှိ/ မရှိစစ်ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေအထားနှင့် ကလေးအနေအထား  ပုံမှန်ရှိ/မရှိစစ်ဆေးပေးခြင်း၊ ပထမအကြိမ် ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုယ်ဝန်(၄)လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး  ကိုယ်ဝန်ဆောင် ချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊အာဟာရ ပြည့်ဝစွာစားသုံးရန်၊ ရောဂါလက္ခဏာ တစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက် ပြသရန်နှင့်သတ်မှတ်ထားသည့်ရက်များ အတိုင်း လာရောက်ပြသရန် လိုအပ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

           

ဘားအံမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် ကျန်းမာရေး ကြည့်ရှုစစ်ဆေးပေးသွားမည်ဖြစ်ကြောင်းနှင့် အပတ်စဉ်အင်္ဂါနေ့များတွင် အသက်တစ်နှစ်ခွဲနှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဘားအံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန မှသိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)