နေပြည်တော် ၁၆ ဇူလိုင်
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် လူသတ်မှုကျူးလွန်သူ ၃ ဦးကို ဖော်ထုတ်အရေးယူထား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘားအံမြို့နယ်၊ ဇာသပြင် အနောက်ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာနေ ဦးဝင်းအောင်(ခ)ကာလီ(၅၃)နှစ်သည် ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းပိုင်သော ကော့မစွယ်ကုန်းရှိ ကြက်မောက်/ ကျွဲကောခြံသို့ ရောက်ရှိစဉ် ခြံစောင့်အလုပ်သမားဖြစ်သူ ကျုံမဲ(ခ) တင်အေး(၅၆)နှစ်မှာ ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိသဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ ဇာသပြင်နယ်မြေရဲစခန်း(ပ)၃၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ် ဆေးခဲ့သည်။
ဇာသပြင်နယ်မြေရဲစခန်းမှူး ရဲအုပ် ကျင်နိုင်နှင့်အဖွဲ့မှ မသင်္ကာသူများဖြစ်သည့် ကော့မစွယ် ကုန်းနေ ကိုမျိုး(ခ)ကုလား၊ ဝင်းအောင်ဌေး၊ ဆံရှည်(ခ) ကျော်ကျော်တို့အား ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့မှ ကျုံမဲ(ခ)တင်အေးနှင့်အတူ အရက်အတူသောက်စဉ် စကားများရန်ဖြစ်ပြီး တုတ်ဖြင့်ရိုက်သတ်ခဲ့ကြောင်း ထွက်ဆိုသဖြင့် အမှုဖြင့်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင် ရေးဆောင်ရွက်လျက် ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။
(သတင်းစဉ်)