ဘားအံ ၂၅ ဇန်နဝါရီ 


ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းက ပရိဘောဂ အလုပ်ရုံတစ်ရုံ အတွင်း တပ်ဆင်အသုံးသည့် မီးပလက်ခုံအား မပိတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

mdn

 

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့် ဘားအံမြို့နယ် အိန္ဒုကျေးရွာ မြို့တော်ဦးရပ်ကွက်နေ မောင်ဟောက်(၅၃-နှစ်)၏ နေအိမ်နောက်ဘေးရှိ ပရိဘောဂရုံအတွင်း ပါကေးအခင်းပြားများ ပြုလုပ်ရာတွင် အသုံးပြုရန် တပ်ဆင်ထားသည့် မီးပလက်ခုံအား မပိတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲကာ ဝါယာရှော့ဖြစ်ပြီး မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် အလျား× အနံ(၃၅)ပေပတ်လည်ခန့်ရှိသော တိုင်ထောင် သွပ်မိုး အကာမရှိ အဆောက်အဦ တစ်လုံးနှင့်   သစ်ပုတ် ၅×၁ လက်မ (၁၅) ပေ ၁၀ ချောင်း၊ ၄×၂ လက်မ (၁၅)ပေ ၁၀ ချောင်း၊ လုပ်လက်စ စားပွဲ(၂)လုံး၊ တစ်ပေပတ်လည် ပါကေးပြား(၁၀ဝ)ခုနှင့် လျှာထိုးပျဉ် (တန်တစ်ဝက်)ခန့်တို့ မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

 

mdn


မီးလောင်သည့်နေရာအားအိန္ဒုကျေးရွာ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် ကျေးရွာသူ/ကျေးရွာသားများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များမြို့ ကူးစက် လောက်ကျွမ်းခဲ့ခြင်းမရှိဘဲ နံနက် ၅ နာရီ မိနစ် ၄၀ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်ဟောက်(၅၃-နှစ်)အား အိန္ဒုနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။


မင်းသူ(ဘားအံ)