ဘားအံ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် ဆိုလာရေတင် စနစ်ဖြင့် နောင်ခရိုင်ကျေးရွာတွင် ရေကျနောက်စိုက်စပါး ဧက ၁၀၀ စိုက်ပျိုးထားရှိမှုအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စုမှ ရဲသာကျေးရွာအုပ်စုသို့ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား မြို့ရှောင်လမ်းဖောက်လုပ်နေမှုနှင့် ရေထုတ်ပြွန်လုပ်ငန်းများ၊ အောက်ခံမြေသားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူများက ဘားအံမြို့ရှောင်လမ်း (၂ ဒသမ ၇၇၅ Km- ၅ ဒသမ ၁ Km)အတွင်း လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှာကဒေါင်ဘက်ခြမ်းရှိ မြို့ရှောင်လမ်းအဝင် နဒုက္ခသုခံလမ်းအား ၁၈ ပေ အကျယ်မှ ၂၄ ပေအကျယ်သို့ အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ပေးရန်၊ ကျောက်တောင်မိုင်းခွဲ မြေသား တာပေါင်လုပ်ငန်းနှင့် RCC Box Culvert များ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိုးများသည့် ဒေသဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးရန်၊ လမ်းလုပ်ငန်းနှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် မြေယာကိစ္စရပ်များအား ကြိုတင်ရှင်းလင်းဆောင်ရွက်ကြရန်နှင့် အဆိုပါ လမ်းပိုင်း ပြီးစီးပါက မိုးရာသီတွင် လမ်းဘေးဝဲယာ၌ သစ်ပင်များစိုက်ပျိုးနိုင်ရေး ပျိုးပင်များ ရှာဖွေထားရှိရန် လမ်းညွှန်မှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဆိုလာရေတင်စနစ်ဖြင့် ရေကျနောက်စိုက်စပါး ဧက ၁၀၀ စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ် ပြည်နယ်ဦးစီးမှူး ဦးကျော်စွာဦးနှင့် တာဝန်ရှိသူများက ဆိုလာပန့် ၁၀ စုံဖြင့် ရေစုပ်တင်၍ တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကျနောက်စိုက် စပါးအပြီးတွင် ဈေးကွက်အလားအလာရှိသည့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြရန်၊ တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ၍ ဧက ၁၀၀ ထပ်မံတိုးချဲ့နိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးသည့် ရေကျနောက်စိုက် ဧက ၁၀၀ စိုက်ခင်းအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


