နေပြည်တော် ဇန်နဝါရီ ၂၀
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်ကြော ပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှုလျော့ချရေး၊ အချိန်ကုန်သက်သာ၍ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်စေရေးအတွက် ဘားအံမြို့ရှောင်လမ်းကို တည်ဆောက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
“လာမယ့် မတ်လဆိုရင် ရာခိုင်နှုန်းပြည့် ပြီးစီးတော့မှာဖြစ်ပါတယ်။ အဓိက ကတော့ ကျွန်တော်တို့အနေနဲ့ လမ်းအသုံးပြုသူ ပြည်သူတွေ မြန်မြန်ဆန်ဆန် အဆင်ပြေပြေ အသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရတာဖြစ်ပါတယ်။ မြို့ရှောင်လမ်းကို စတင်ဆောင်ရွက်ခဲ့တာက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာဖြစ်ပါတယ်” ဟု လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုက ပြောသည်။
ဘားအံမြို့ရှောင်လမ်းသစ်အား ဘားအံမြို့၊ သံလွင်တံတားသုံးမြှောင့်မှ စ၍ ကမော့ ကစင်ရွာကိုဖြတ်ကာ လှာကဒေါင်ရွာအထိ ဖောက်လုပ်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မေလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ ဒေသမှာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကရှိနေတော့ ကုန်တင် ယာဉ်ကြီးတွေ သွားလာမှုများတယ်။ လမ်းအသုံးပြုသူများတယ်။ မြို့ရှောင်လမ်း ပြီးသွားရင်တော့ မြို့ထဲက ဖြတ်သန်းမသွားရရင် ယာဉ်ကြောမကြပ်တော့ဘူး။ အချိန်ကုန် သက်သာလာမယ်။ ကျွန်တော်တို့လို လမ်းအသုံးပြုသူ ကုန်တင်ယာဉ်မောင်းသူတွေဟာ မြို့ရှောင်လမ်းကနေ ပိုပြီးအဆင်ပြေပြေသွားနိုင်တော့မှာဖြစ်တဲ့အတွက် လမ်းပြီးမယ့်နေ့ကို မျှော်လင့်နေတာပေါ့” ဟု ဘားအံမြို့မှ ကုန်တင်ယာဉ်မောင်း ဦးအေးဝင်းက ပြောသည်။
အဆိုပါ မြို့ရှောင်လမ်းသည် လမ်းမိုင် ၄ မိုင်ရှည်လျားပြီး အကျယ် ၂၄ ပေ၊ နှစ်လမ်း သွားဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပါက သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်း မှ လှိုင်းဘွဲ့သို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် ယခင်ကထက် ၁၁ မိုင် ၅ ဖာလုံ ခန့် ခရီးပိုမိုတိုတောင်းစွာ သွားလာနိုင်မည်ဖြစ်သည်။
“ဘားအံမြို့ရှောင်လမ်းက သံလွင်တံတား သုံးမြှောင့်လမ်းဆုံကနေ ကမော့ကစင် ရွာကိုဖြတ်ပြီး လှာကဒေါင်ရွာအထိ ၄ မိုင်အရှည်ရှိပါတယ်။ လှာကဒေါင်ရွာကနေ ကမော့ကစင်ရွာထိ မြေသားလမ်းကျဉ်းလေးဖြစ်ပြီး ကျောက်တောင်ခြားထားပါတယ်။ ဒီကျောက်တောင်ကြားနေရာတွေမှာ အရင်က ယာဉ်သွားလာလို့ မရခဲ့ဘူး၊ ဒါ့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလမှာ ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အထွေထွေပိုလျှံရန်ပုံငွေကျပ် ၇၇၃ သန်း၊ ၂၀၂၁-၂၀၂၂ မီနီ ဘတ်ဂျက် ၁၆၈၉ ဒသမ ၂၀၇ သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၄၀၇၂ ဒသမ ၆၄ သန်းနဲ့ မြေသားတာ ဘောင်တင်ခြင်း၊ ကျောက်တောင်မိုင်းခွဲခြင်း၊ Box Culvert တံတားငယ်များတည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ တြိဂံ လမ်းဆုံ (အဝိုင်း) လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ္ဍာနှစ်မကုန်မီ အားလုံးပြီးစီးဖို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်” ဟု လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုက ဆက်ပြောသည်။
လမ်းဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှောင်းပိုင်းတွင် ကမော့ကစင်ရွာ (၂ ဒသမ ၇၇၅) ကီလိုမီတာ မှ လှာကဒေါင် (၅ ဒသမ ၁) ကီလိုမီတာအထိ လိုအပ်သော လမ်းတာဘောင် အကျယ်ရရှိ စေရန် ကျောက်တောင်အမာများအား မိုင်းခွဲရှင်းလင်းခြင်း၊ ဖြတ်မြေဖို့ မြေလုပ်ငန်းဆောင်ရွက်ခြင်း၊ အမာခံရရှိစေရန် မိုင်းချီးခင်းကြိတ် ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် Box Culvert (၆) စင်းထည့်သွင်း တည် ဆောက်ခြင်းစသည့် လုပ်ငန်းများအတွက် ရန်ပုံငွေ စုစုပေါင်း ကျပ် (၇၇၃ ဒသမ ၀၀၀) သန်းဖြင့် ဆောင်ရွက်ခဲ့သည်။
ထို့အတူ ၂၀၂၁-၂၀၂၂(၆ လ) ဘဏ္ဍာနှစ်တွင် သံလွင်တံတားသုံးမြှောင့် (၀) ကီလို မီတာမှ ကမော့ကစင်ရွာ (၂ ဒသမ ၇၇၅) ကီလိုမီတာအထိ (၂ ဒသမ ၇၇၅) ကီလိုမီတာအား ဖြတ်မြေဖို့မြေလုပ်ငန်း ဆောင်ရွက်၍ မိုင်းချီး ခင်းကြိတ် ခြင်း၊ ပေ၂၀ သံကူကွန်ကရစ် တံတား (၁) စင်း၊ ၁၅ ပေ သံကူကွန်ကရစ် တံတား (၁) စင်း၊ Box Culvert (၁၀) စင်းတည်ဆောက်ခြင်းနှင့် ဒုအခြေခံလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကမော့ကစင်ရွာ (၂ ဒသမ ၇၇၅) ကီလိုမီတာ မှ လှာကဒေါင် (၅ ဒသမ ၁) ကီလိုမီတာအထိ (၂ ဒသမ ၃၂၅) ကီလိုမီတာအား ဒုအခြေခံလွှာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ရန်ပုံငွေ စုစုပေါင်း ကျပ် (၁၆၉၈ ဒသမ ၂၀၇) သန်း ဖြင့်လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း လမ်းဦးစီး ဌာနမှ သိရသည်။
“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်မှာတော့ မြို့ရှောင်လမ်း (၀) ကီလိုမီတာကနေ (၆ ဒသမ ၄) ကီလိုမီတာအထိ (၂၄) ပေ အကျယ်ကတ္တရာလမ်း သစ်ခင်းခြင်းနှင့် ကွန်ကရစ်ခင်းတာ၊ Box Culvert (၅) စင်းတည် ဆောက်တာ၊ တံတား (၃) စင်းချဲ့တာ၊ ပေ(၂၀) တံတား (၁) စင်းတည် ဆောက်တာ၊ ကျောက်စီရေမြောင်း (၁၈၀၀) မီတာ ပြုလုပ်တာ၊ ကျောက်စီ မြေထိန်း နံရံ (၁၂၀၅) မီတာပြုလုပ်တာ၊ ဘားအံမြို့ရှောင်လမ်းနဲ့ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းဆုံရာမှာ အဝိုင်းပြုလုပ်တာနဲ့ ဆက်စပ်လုပ်ငန်းတွေကို ရန်ပုံငွေစုစုပေါင်း ကျပ် (၄၇၂၀ ဒသမ ၆၄၄) သန်းနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးတော့ ပြည်နယ်ငွေလုံးငွေရင်း (ဖြည့်စွက်)ရန်ပုံငွေ ကျပ် (၁၃၉ ဒသမ ၈၄၀) သန်းနဲ့ ကျောက်တောင်ချဲ့ခြင်းမိုင်းခွဲတာ၊ Gabion Wall ပြုလုပ်တာတွေလည်း ဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန် လုပ်ငန်းအားလုံး ပြီးစီးသည့် အချိန်တွင် ဘားအံမြို့ ရှောင်လမ်းသည် (၂၄) ပေအကျယ် ကတ္တရာလမ်း (၃ မိုင် ၁ ဒသမ ၅ ဖာလုံ) ကွန်ကရစ်လမ်း (၆ ဒသမ ၅ ဖာလုံ) ရှိမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
မင်းမင်း