ဘားအံ ၂  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာတွင် ဖွင့်လှစ်ထားသော Hpaan Amata ဟိုတယ်တွင် ယမန်နေ့နံနက် အစောပိုင်းက ဝန်ထမ်းအချင်းချင်း အရက်အတူသောက်စားပြီး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ဟိုတယ်ဝန်ထမ်းများဖြစ်သည့် ကိုထက်လွင်မင်း၊ ကိုသော်ဇေယျာတို့နှင့်အတူ အပေါင်းအပါ စုစုပေါင်း(၆) ဦးသည် ဟိုတယ်ဝန်းရေကူးကန်ဘေးတွင် အရက် အတူသောက်ကြရင်း ၄င်းတို့ (၂)ဦး စကားများ ရန်ဖြစ်ထိုးကြိတ်ကြရာ ကိုထက်လွင်မင်းက ကိုသော်ဇေယျာအား ရေကူးကန်ထဲ ကန်ချခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်အပြီး နံနက် (၂)နာရီခွဲခန့်အချိန်တွင် ကိုသော်ဇေယျာက ကျေနပ်မှုမရှိဘဲ ဟိုတယ်ဝန်ထမ်း တန်းလျားအိပ်ခန်းတွင် အိပ်နေသည့် ကိုထက်လွင်မင်း၏ လည်ပင်းအား (၁၃)လက်မစတီး ဓားချွန်ဖြင့်  တစ်ချက်ထဲ  ထိုးသွင်းလိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ကိုထက်လွင်မင်း၏ အလောင်းအား ထုံးအိုင်နယ်မြေရဲစန်းမှ အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)