ဘားအံ ၁၅ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ပူးပေါင်း၍ Quarantine Center များအပါအဝင် လူစည်ကားရာနေရာများ၌ အများသုံး လက်ဆေး ရေစင်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

အများသုံး လက်ဆေးစင်များ တပ်ဆင်ပေးရခြင်းနှင့်ပတ်သက်၍ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက “ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ UNICEF တို့ ပူးပေါင်းပြီးတော့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာတွေဖြစ်တဲ့ ကျေးလက်ဈေးတွေ၊ ထင်ရှားတဲ့ ဘာသာရေး အထိန်းအမှတ်နေရာတွေ၊ ကျန်းမာရေးဌာနတွေ၊ အဝေးပြေးယာဉ် ရပ်နား စခန်းတွေလို နေရာမျိုးတွေမှာ ဆပ်ပြနဲ့ရေကိုအသုံးပြုပြီး အများပြည်သူအလွယ်တကူ လက်ဆေးနိုင်အောင် လက်ဆေးတဲ့ အလေ့အကျင့်ကောင်းတွေရရှိအောင် အများသုံးလက်ဆေးစင်တွေကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ ဘားအံမြို့နယ်အနေနဲ့ နေရာ ၄၀ မှာ အများသုံးလက်ဆေးစင် အခုရေ ၄၀ ကို တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ အများသုံး လက်ဆေးစင်များ တပ်ဆင်ဆောင်ရွက်ပေးမှုအပေါ် ကော့ဂွန်းဂူတော်ကြီး အကျိုးတော်ဆောင် ဂေါပကအဖွဲ့မှ ဦသန်းနိုင်က “ကမ္ဘာနဲ့အဝှမ်း ကိုဗစ် ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအလုပ်ကို ဆောင်ရွက်နေ ကြတာဖြစ်ပါတယ်၊ တချို့နိုင်ငံကြီးတွေမှာဆိုလည်း ဒီကပ်ရောဂါနဲ့ အသက်ဆုံးရှုံးမှုတွေ အများကြီးရှိနေတယ်ဆိုတာ ကိုလည်း ကြားသိရပါတယ်၊ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးထိရောက်တဲ့အတွက် ဘုရားဖူးဧည့်သည်တွေ၊ ဘုရားကိုယ်တော်တွေမှာ မှီတင်းနေထိုင်တဲ့ဧည့်ပရိတ်သတ်တွေ၊ သံဃာတော်တွေ အားလုံးအတွက် ကြိုတင်ကာကွယ်ရေးအနေနဲ့ ကျေးလက်နဲ့ UNICEF ပူးပေါင်းပြီး အခုလို အများသုံး လက်ဆေးစင် လာပြီးတော့ တပ်ဆင်ပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

အများသုံးလက်ဆေးစင်များကို ဘားအံမြို့နယ်အတွင်း ဧပြီလ ၁ ရက်နေ့မှ စတင်တပ်ဆင်ခဲ့ရာ ဧပြီလ ၁၂ ရက်နေ့တွင် အများသုံးလက်ဆေးစင်ပေါင်း ၄၀ ကို တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
