ဘားအံ ၁၈ ဇွန်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အစေးအထွက်နှုန်းကောင်းသည့် ရော်ဘာမျိုးများ ပြောင်းလဲစိုက်ပျိုးရန်နှင့် စိုက်နည်းစနစ် မှန်ကန်စေရေးပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နောင်ကျန်ကျေးရွာရှိ ရော်ဘာစိုက်တောင်သူ ဦးစောကဘော်ထူး၏ ရော်ဘာခြံတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးရာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ပြာလှိုင်၊ မြေအသုံးချရေး တာဝန်ခံ ဒေါ်သင့်သင့်ဆင့်၊ ခရိုက်စိုက်ပျိုးရေး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးရဲကိုကိုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆဲင်ဇခုပ်တို့က မျိုးရွေးချယ် စိုက်ပျိုးခြင်းမှစတင်၍ အစေးခြစ်ချိန်ကာလထိ ပြုလုပ်သွားရမည့် စိုက်နည်းစနစ်များကို အသိပညာပေး ရှင်းလင်းပြောကြားပြီး အစေးအထွက်နှုန်းကောင်းသည့် အဖူးကူးမျိုး ရော်ဘာပျိုးပင်များကို ကျေးရွာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ကာ လက်တွေ့သရုပ်ပြသ စိုက်ပျိုးပေးခဲ့သည်။
ဘားအံမြို့နယ် နောင်ကျန်ကျေးရွာတွင် ရော်ဘာစိုက်ဧက (၉၀၀)ဧကခန့်ရှိပြီး ဧက(၇၀၀)ခန့်မှာ အစေးထွက်နှုန်း နည်းသော မျိုးဟောင်းများဖြစ်သောကြောင့် ဒေသအတွင်း ရော်ဘာကဏ္ဍ အထွက်နှုန်းကောင်းမွန်စေရေးအတွက် ရည်ရွယ်ကာ မုဒုံရော်ဘာသုတေသနခြံမှ အစေးအထွက်နှုန်းကောင်းသော အဖူးကူးမျိုး ရော်ဘာပျိုးပင်များကို ပြောင်းလဲ စိုက်ပျိုးစေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရော်ဘာစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် နောင်ကျန်ကျေးရွာတွင် အသိပညာပေးစင်တာ တည်ဆောက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆဲင်ဇခုပ်ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


