ဘားအံ ၃ သြဂုတ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြ (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဒေါ်ကြည်ကြည်ဦးထံ ငွေကျပ် ၁၄၀ဝဝဝ ကို ထောက်ပံ့ပေးအပ်ကာ နည်းပြသင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

 

mdn

 

အဆိုပါသင်တန်းကို သြဂုတ် ၃ ရက်မှ ၉ ရက်ထိ ရက်သတ္တပတ် တစ်ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကာယဆရာ/ ဆရာမများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်လျက်ရှိသည်။ သင်တန်းသူ သင်တန်းသားများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မြို့နယ်၊ ကျောင်းများတွင် ပြန်လည်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)