ဘားအံ ၁၄ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံမြို့တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာမှ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ထံမှ WY စိတ်ကြွဆေးပြား ၃၃၉၃ ပြားနှင့် မြန်မာငွေရောရာ နှစ်သိန်းတစ်သောင်းကျပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မူးယစ်တပ်ဖွဲ့စု (၃၁) ဘားအံမှ ရဲအုပ် ထွန်းထွန်းဝင်းနှင့် ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ် ပုလဲမြဦးစီးသော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ချစ်သူလမ်းကြားထောင့်တွင် စောင့်ဆိုင်းဖမ်းဆီးစဉ် CBR အနီ/နက်အရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ နိုင်လင်းဦး(ခ)ငယ်ငယ်(၁၉ နှစ်) သီရိလမ်း၊ အမှတ်(၆)ရပ်ကွက်၊ ဘားအံမြို့နေသူထံမှ WY စိတ်ကြွဆေးပြား ၄၀၊ အလေးချိန်(၄)ဂရမ်နှင့်ဆင်းကဒ်ပါ OPPO ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၃ နာရီခွဲခန့်က ဘားအံမြို့ အမှတ်(၆)ရပ်ကွက် နှင်းဆီလမ်းနှင့် နန်းလုံကြိုင် လမ်းထောင့်နေ နေကျော်ထွန်းဦး(၃၈-နှစ်)နှင့် နန်းသိမ်းရှင်(၄၀-နှစ်)တို့နှစ်ဦးထံမှ WY စိတ်ကြွဆေးပြား ၂၃ ပြား၊ အလေးချိန်(၂.၃)ဂရမ်၊ ဆင်းကတ်ပါ SAMSUNG အမျိုးအစားဖုန်းတစ်လုံးနှင့် OPPO အမျိုးအစား ဖုန်းတစ်လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ ညနေ ၄နာရီ မိနစ် ၂၀ တွင် ဘားအံမြို့ အမှတ်(၆)ရပ်ကွက် လုပ်သားလမ်းနှင့် နှင်းဆီလမ်းထောင့်နေ အိမ်ငှားရမ်းနေထိုင်သူ ကျော်ကျော်(၄၈-နှစ်)နှင့်ဝေဝေစိုး(၄၂-နှစ်)တို့ထံမှ WY စိတ်ကြွ ဆေးပြား ၃၃၃၀ အလေးချိန် ၃၃၃ ဂရမ်၊ ဆင်းကတ်ပါ MI အမျိုးအစား ဖုန်းတစ်လုံးနှင့်မြန်မာငွေရောရာ (၂၁၀ဝ၀ဝ)ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်မြရတနာလမ်းနေ ထိန်လင်း(ခ)ဦးချင်း(၃၇-နှစ်)ထံမှ ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်ရှာဖွေခဲ့ရာ ထိန်လင်း(ခ)ဦးချင်းထံမှ မူးယစ်ဆေးဝါး တစ်စုံတစ်ရာမတွေ့ရှိသော်လည်း မူးယစ်ဆေးဝါးရောင်းဝယ်စဉ်က ချိတ်ဆက်ပြောဆိုခဲ့သည့် ဆင်းကတ် နံပါတ်ပါ VOICE အမျိုးအစား ခလုတ်ဖုန်းတစ်လုံးကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် နိုင်လင်းဦး(ခ)ငယ်ငယ်၊ နေကျော်ထွန်းဦး၊ နန်းသိမ်းရှင်၊ ကျော်ကျော်၊ ဝေဝေစိုး၊ ထိန်းလင်း(ခ)ဦးချင်းတို့ ခြောက်ဦးကို ဘားအံမြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)