ဘားအံ၊ ၆ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၅) ရပ်ကွက်၊ ရာဘာခြံ (၄)လမ်းတွင် ဒီဇင်ဘာ ၆ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က (၁၀)ပေ၊(၃၀)ပေ တစ်ထပ်ပျဉ်ထောင်၊ သွပ်မိုးအိမ်၏မီးဖိုချောင် ထမင်းပေါင်းအိုးမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ဘေးအိမ်များသို့ မီးကူးဆက်လောင်ကျွမ်းခဲ့ရာမှ စုစုပေါင်း အိမ်(၅)လုံးမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှသိရသည်။
အဆိုပါမီးလောင်ရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ မီးသတ်ကား(၉)စီး၊ရေသယ်ယာဉ်(၄)စီဖြင့် သွားရောက်ငြိှမ်းသတ်ခဲ့ရာ နံနက်(၉)နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင်ဦးကျော်အေး၏(၁၀)ပေ၊(၃၀)ပေ တစ်ထပ်ပျဉ်ထောင်၊ သွပ်မိုးအိမ် မီးဖိုချောင်တွင်ထမင်းချက်နေသည့် ထမင်းပေါင်းအိုးအပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ရာမှ ဦးမျိုးဝင်း၏ နေအိမ်(၁၀)ပေ(၂၅)ပေ အုတ်ညှပ်(၂)ထပ်တစ်လုံး၊ ဦးကျော်ဌေး၏နေအိမ် (၁၀)ပေ၊(၂၅)ပေရှိ အုတ်ညှပ်(၂)ထပ်တစ်လုံး၊ ဦးဟာရှင်၏နေအိမ်(၁၀)ပေ(၂ဝ)ပေ ခြေတန်ရှည် ပျဉ်ထောင်၊ သွပ်မိုး(၁)ထပ်တစ်လုံး၊ ဦးလဘူ၏ နေအိမ်(၁၀)ပေ(၂ဝ)ပေ ခြေတန်ရှည်ပျဉ်ထောင်၊ သွပ်မိုး(၁)ထပ်တစ်လုံး စုစုပေါင်း လူနေအိမ်(၅)လုံး၊ မီးကူးဆက်လောင်ခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် ပျက်ဆီးမှု မရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြု၍ နေအိမ်အား မီးလောင်ပျက်ဆီးစေခဲ့သည့် အိမ်ရှင် ဦးကျော်အေး(၅၈)နှစ်အား ဘားအံ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)