ဘားအံမြို့တွင် တရားမဝင် ဆေးဝါး၊ သက်တမ်းလွန် ဆေးဝါး အလှကုန်များအား ဖျက်ဆီး

ဘားအံ  ၂၄ ဇန်နဝါရီ

ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ ဦးစီး၍ တရားမဝင် ဆေးဝါးများ သက်တမ်းလွန် ဆေးဝါးများနှင့် တားမြစ် အလှကုန်များ ဖျက်ဆီးခြင်းကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ဘားအံမြို့ ထန်းကိုးပင် သုဿာန်ကွင်းပြင်တွင် ပြုလုပ်ခဲ့သည်။

“ဆေးဝါး အစားအသောက်တွေကို ဈေးကွက်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် ဈေးကွက်အတွင်း ရောက်လာတဲ့ ဆေးဝါး အစားအသောက်တွေကို အရည်အသွေး စစ်ဆေးပါတယ် အရည်အသွေး ကျသွားတဲ့ ဆေးဝါး ကုမ္ပဏီတွေကို အကြောင်းကြားစာ ထုတ်ရပါတယ်။ ယခု ဖျက်ဆီးတာဆိုရင် ကရင်ပြည်နယ်အတွင်း တရားမဝင် ဆေးဝါး၊  သက်တမ်းလွန် ဆေးဝါး၊  စပ်ဆေး၊ ဆေးဝါးအတု၊  အလှကုန် ဆေးဆိုင်များမှ သက်တမ်းလွန်ဆေးများ တာဝန်သိစွာ လာရောက်အပ်နှံတဲ့ သက်တမ်းလွန် ဆေးဝါးများကို ပြည်သူများ သုံးစွဲမိခြင်းဖြင့် အန္တရာယ်မရှိဖို့ ဖျက်ဆီးခြင်း ဖြစ်ပါတယ်၊ စပ်ဆေးရောင်းချသည့် ဆိုင်တွေကိုတော့ လိုင်စင်(၃)လ ပိတ်သိမ်းအရေးယူ ဆောင်ရွက်ပါတယ်” ဟု ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန(ဆေးဝါးဌာန)မှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က ပြောသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်မှ ၂၀၁၆ ခုနှစ်/ ၂၀၁၇ ခုနှစ်များတွင် သိမ်းဆည်းရရှိမှုအရ  တရားမဝင် ဆေးဝါး (၄၀၁)မျိုး၊ သက်တမ်းလွန် ဆေးဝါး(၃၉၃)မျိုး၊  စပ်ဆေး(၃၈)မျိုး ဆေးဝါးအတု (၁)မျိုး၊  အလှကုန်(၄၄)မျိုးနှင့် ဆေးဆိုင်များမှ သက်တမ်းလွန် ဆေးများ တာဝန်သိစွာ လာရောက်အပ်နှံသည့် သက်တမ်းလွန် ဆေးဝါး(၇၇)မျိုး စုစုပေါင်း တန်ဖိုးငွေ ကျပ်(၈၈)သိန်း ကျော်ဖိုးအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးကာ မြေမြှုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၊  ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်၊ ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

နေမျိုးလွင်