ဘားအံ ၂၁ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးအစီအစဉ်အရ တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက Than Lwin Paradise ဟိုတယ် သံလွင် ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်တရားစီရင်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များစီမံခန့်ခွဲရေးအဖွဲ့ဝင် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးသိန်းကိုကိုက တရားစီရင်းရေးဆိုင်ရာ ကျင့်ဝတ်များ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွန်ကြားရေးမှူးဒေါ်နုနုဝေက တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ်များကို ဦးဆောင်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရားရေးအရာရှိများ၊ ဒိန်းမတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့်လူအခွင့်အရေး အစီအစဉ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်အတွင်းမှ တရားရေးအရာရှိ ၂၄ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


