ဘားအံ ဇူလိုင် ၄

 

ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် ဆိုင်ခန်းပေါင်း ၁၆၄ ခန်းပါဝင်သည့် Hyper Market (အဆင့်မြင့်ဈေး)ကို တည်ဆောက်သွားမည်ဖြစ်ရာ ဇူလိုင် ၄ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ဘုရားအနီးရှိ အဆိုပါဈေးသစ် တည်ဆောက်မည့်မြေနေရာ၌ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

 

အဆိုပါဈေးသစ်ကြီးကို Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင်မှုဖြင့် အောင်ငွေဖူး ကုမ္ပဏီလီမိတက်က မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် ၂၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့် လူနေဆိုင်ခန်း ၁၀ လုံး၊ ၃၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့်လူနေဆိုင်ခန်း ၁ လုံး၊ ၁၀၀ ပေ x ၁၀၀ ပေ x RC ၄ ထပ် Hyper Market (အဆင့်မြင့်ဈေး) အဆောက်အဦများကို တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ ဈေးဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ပန္နက်တော်များကိုရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

 

ထို့နောက် Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်ရေးစီမံကိန်းတာဝန်ခံ KSD Co.,Ltd (ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ)ဥက္ကဋ္ဌ ဦးအောင်သန်းက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒါရိုက်တာ ဦးရန်ပိုင်မြင့်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းဝင် အဆောက်အဦများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)