ဘားအံ ၁၉ ဖေဖေါ်ဝါရီ
ကရင်ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာစာဖိုမှူးများအသင်းနှင့် ဒေသခံလူမှုရေး အသင်းအဖွဲ့များ၏ စီစဉ်မှုဖြင့် ဂျာမနီနိုင်ငံမှ Dr.Heinrich Schoeneich ဦးဆောင်သော အဖွဲ့ဝင်(၁၀)ဦးပါ ဆေးကုသမှုအဖွဲ့ (Inter Plast) နှင့် မြန်မာဆရာဝန်များပူးပေါင်း၍ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာလူနာများအား ဖေဖေါ်ဝါရီ ၂၈ ရက်ထိ အခမဲ့ခွဲစိတ်ကုသပေးသွားမည် ဖြစ်သည်။
ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ ဝေဒနာရှင် ၁၂၀ ဦးကျော်ခန့် လာရောက်စာရင်းပေးသွင်း ထားသော်လည်း လူနာအားလုံးကို ခွဲစိတ်ကုသပေးရန် အချိန်လုံလောက်မှု မရှိသည့်အတွက် လူနာဦးရေ တစ်ရာဦးခန့် ခွဲစိတ်ကုသပေးသွားရန် မျှော်မှန်းထားကြောင်း၊ ဝေဒနာရှင်အချို့၏ ရောဂါများသည် လာရောက်ခွဲစိတ်ကုသပေးသည့် ဆရာဝန်ကြီးများနှင့် မသက်ဆိုင်သည့် ရောဂါများဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများသို့ ညွှန်းပို့ပေးထားကြောင်း သိရသည်။
ခွဲစိတ်ကုသမှု ခံယူမည့်သူတစ်ဦးလျှင် လူနာစောင့်နှစ်ဦးဖြင့် အဆင်ပြေချောမွေ့စွာ ခွဲစိတ်ကုသမှုခံယူနိုင်ရေးအတွက် ဖေဖေါ်ဝါရီ ၁၇ ရက်မှစ၍ သုမေဓါရာမကြားတောရ ဘုန်းတော်ကြီးကျောင်းနှင့် မဲဘောင်ကျောင်းတိုက်တို့တွင် တည်ခိုနေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး တည်ခိုနေထိုင်စားသောက်စရိတ်၊ ကုန်ကျစရိတ်များနှင့် ပတ်သက်ပြီး မာဃလူမှုကူညီရေးအသင်း၊ ဘားအံမှ တွဲဖက်အတွင်းရေးမှူး ကိုစိုးစံမင်းက “ပြည်နယ်အစိုးရဆီကိုလည်း စာတင်ပြီးတော့ အကူအညီတောင်းထားပါတယ်၊ ထို့အပြင် ဘားအံမြို့မှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ လုပ်ငန်းရှင်တွေဆီမှာလည်း အလှူခံထွက်ပြီးတော့ ဒီခွဲစိတ်ကုသမှုအတွက် အလှူငွေရအောင် အကူအညီတောင်းထားပါတယ်၊ အခုကျွန်တော်တို့ လက်ထဲမှာတော့ သိန်းနှစ်ဆယ်နီးပါးလောက် ရှိပါတယ်၊ တစ်ချို့ကလည်း ငွေမလှူဘဲနဲ့ လူနာတွေစားဖို့အတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်တွေကို လာလှူတာလည်းရှိပါတယ်၊ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ကို စရိတ်ငြိမ်း တာဝန်ယူထားပေးပါတယ်” ဟု ပြောသည်။
“လူနာအများစုက ငွေကြေးအခက်အခဲကြောင့် မြို့ကြီးတွေကိုတက်ပြီး ဆေးမကုသနိုင်တဲ့အတွက် ဆရာဝန်များက လူနာရှိတဲ့နေရာကို လာရတဲ့သဘောပါပဲ၊ ဆရာဝန်တွေက လူနာတွေကိုလာပြီး ခွဲစိတ်ကုသပေးတဲ့အခါမှာ အထူးသဖြင့် ကလေးငယ်တွေရဲ့ မီးလောင်ဒဏ်ရာတွေကို ခပ်များများတွေ့ရပါတယ်၊ ကရင်ပြည်နယ်မှာတော့ တစ်ခြားအဖွဲ့အစည်းတွေ သိပ်မလာသေးတဲ့အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေလည်း အများကြီးမြင်တွေ့ရပါတယ်၊ တစ်ချို့ဒေသတွေမှာတော့ နှုတ်ခမ်းနဲ့ အာခေါင်ကွဲတွဲတွေ့ရရင် နှုတ်ခမ်းကိုပဲ ချုပ်သွားတဲ့အတွက် ရုတ်တရက်တော့ ရုပ်ကပြောင်းလဲသွားတဲ့အတွက် ပျော်စရာကောင်းပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တွေက အာခေါင်ကို ခွဲရတဲ့အခါ တော်တော် အခက်အခဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို နှုတ်ခမ်းကွဲရော အာခေါင်ကွဲရော နှစ်ခုဖြစ်နေတဲ့ ဝေဒနာရှင်မျိုးမှာ အာခေါင်ခွဲလို့ ရတဲ့အရွယ်ထိစောင့်ပြီး အာခေါင်ခွဲဖို့ အရင်ချုပ်ပေးလိုက်တာက ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်˝ ဟု မြန်မာစာဖိုမှူးများအသင်း ဥက္ကဋ္ဌ Mr.,Oliver E Soe That က ပြောသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
