ဘားအံပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲနှင့် မီးလောင်ခံဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးမည်

ဘားအံ ၁၇   ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် Free Medical Treatmout World Chefs Without Borders Myanmar တို့မှ ပူးပေါင်းကာ ဘားအံပြည်သူ့ဆေးရုံကြီးသုံးထပ်ဆောင် အောက်ထပ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း ကုသဆောင်တွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က နှုတ်ခမ်းကွဲ အာခေါင်ကွဲနှင့် မီးလောင်ခံဝေဒနာရှင် စုစုပေါင်း ၁၃၀ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးရန် စတင်စမ်းသပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆေးကုသခြင်းကို ဂျာမနီနိုင်ငံ Dr.Heinz Schoeneich ဦးဆောင်သော ဂျာမန်-မြန်မာ ဆရာဝန်များနှင့် သူနာပြုအဖွဲ့ ( Inter Plast )နှင့် ဘားအံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ကရင်ပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ခံ ဝေဒနာရှင်များအား ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ပိုင်းမှ စတင်ကာ ဘားအံပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင် အောက်ထပ် နား၊နှာခေါင်း၊လည်ချောင်း ကုသဆောင်တွင် လူနာများစတင်လက်ခံကာ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

DSC0

 

ကရင်ပြည်နယ် ဒေသအသီးသီးနှင့် အခြားနေရာဒေသများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ခံ ဝေဒနာရှင်များ လာရောက်စာရင်းပေးလျှက်ရှိရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ်မှ လူနာဦးရေ ၁၁၀ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၁၈ ဦးနှင့် မွန်ပြည်နယ်မှ ၂ ဦးတို့ လာရောက်စာရင်းပေး မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

 “ ကျွန်မတို့က မော်လမြိုင်က လာတာပါ၊ သတင်းစာနှင့် အွန်လိုင်းတွေမှာ ကျန်းမာရေးအစီအစဉ် ကြောငြာတွေ တွေ့လို့ လာခဲ့တာပါ၊ ကျွန်မကလေးကတော့ နှုတ်ခမ်းကွဲ ဝေဒနာရှင်ပေါ့၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ဆရာဝန်ကြီးတွေ ကုသပေးမှာ ဖြစ်တဲ့အပြင် အခမဲ့ ကုသခွင့်ရမှာဆိုတော့ မဖြစ် ဖြစ်အောင် လာခဲ့ရတာပါ” ဟု မော်လမြိုင်မြို့မှ ဝေဒနာရှင် ကလေးမိခင် ဒေါ်စန်းစန်းမိုးက ပြောသည်။

 

ဘားအံပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈  ရက်နေ့ အထိ ဆောင်ရွက်မည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာများ အခမဲ့ကုသနှိုင်ရေးတွင် ဘားအံမာဃလူမှုကူညီရေးအသင်း အပါအဝင် လူမှုကူညီရေးအဖွဲ့ ၂၆ ဖွဲ့တို့မှ မော်တော်ယာဉ်များနှင့် လူအင်အား ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း လည်းသိရသည်။

 

 “ ကျွန်နော်တို့ ဘားအံမာဃလူမှုကူညီရေးအသင်းနဲ့ အခြားလူမှုကူညီရေး အသင်းများ စုပေါင်းအင်အားဖြင့် ကူညီနေကြပါတယ်၊ လာရောက်ကုသသူတွေ သွားလာရေး၊ နေထိုင်စားသောက်ရေးကအစ အလှူရှင် စေတနာရှင်တွေ့နဲ့ ပူးပေါင်းကူညီပေးတာပါ၊ ဒီနေ့ရောက်ရှိ လူနာစာရင်းအရ ၁၃၀ ဦးလောက်ရှိပြီး ဒီနေ့ကတော့ လူနာမှတ်ပုံတင်ခြင်း၊ ရောဂါအလိုက် အုပ်စုခွဲခြင်းတွေ ဆောင်ရွက်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဘားအံမာဃလူမှုကူညီရေးအသင်းမှ ဦးဆောင်သူ ဦးစိုးစံမင်းက ပြောသည်။

 

ဆေးကုသရန်ရောက်ရှိနေသူများတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲနှင့် မီးလောင်ဝေဒနာရှင်များအပြင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကြောင့် လာရောက်ကုသရန်အတွက် ရောက်ရှိနေသူများလည်းပါဝင်ကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)

 

DSC010