ဘားအံ ၁၁ ဇွန်
ကရင်ပြည်နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု ငါးမွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်ပြီး ငါးလုပ်ငန်းဖြင့် သားငါးကဏ္ဍ ပေါကြွယ်ဝရေးနှင့် ငါးဆေးထိုးသားဖောက်ဆိုင်ရာများ၊ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တားဆီးရန်၊ ငါးလုပ်ငန်း ဥပဒေများ သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဘားအံတက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေး သင်တန်း သွားရောက် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးသင်တန်းဖွင့်ပွဲတွင် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မြမြအေးက တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် အသိပညာပေးသင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလမှာ ဇွန် ၁၀ ရက်မှ ဇွန် ၂၀ ရက်ထိဖြစ်ပြီး ငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်ဆိုင်ရာများကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂ္ဂလိကအနေဖြင့် ငါးမွေးမြူရေး ဧက ၇၃၀ ကျော်၊ ပုဇွန်မွေးမြူရေး ဧက ၁၃၀ ကျော် ရှိပြီး ငါးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း ငါးမျိုးပြန့်ပွားစေရေးအတွက် ငါးသားဖေါက်စခန်းအနေဖြင့် ဘားအံမြို့နယ်ရှိ ဇာသပြင်ကျေးရွာ၊ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးကျေးရွာတို့တွင် ဆောင်ရွက်ထားပြီး ငါးမျိုးများအနေဖြင့် တောင်ပေါ်ငါးသလောက်၊ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ တီလားပီယား၊ ရေချို ငါးမုတ်၊ ငွေရောင်ငါးကြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူးထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)