ဇူလိုင် ၂၀

အမျိုးသားဘောလုံးကမ္ဘာ့ဖလားဗိုလ်လုပွဲသည် ဘာစီလိုနာမြို့ရှိ လူများအတွက် အားပေးရခက်သော အခြေအနေတစ်ခု ဖြစ်ခဲ့သည်။ စပိန်အသင်း၏ အောင်ပွဲကို ဝမ်းမြောက်စွာ ဂုဏ်ပြုခဲ့ကြသော်လည်း ၎င်းတို့၏နှလုံးသားထဲတွင် အာဂျင်တီးနား ဘောလုံးစူပါစတား လီယွန်နယ် မက်ဆီအတွက် အထူးနေရာတစ်ခု အမြဲရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကတ်တလန်ဒေသ၏ မြို့တော် ဘာစီလိုနာတွင် ကျင်းပခဲ့သည့် အများပြည်သူ စုပေါင်းကြည့်ရှုပွဲ၌ ပွဲပြီးသည့် နောက်ဆုံးဝီစီသံ ထွက်ပေါ်လာချိန်တွင် ပရိသတ်များက အားရဝမ်းသာစွာ အော်ဟစ်ဂုဏ်ပြုခဲ့ကြသည်။ ပွဲစီစဉ်သူများ၏ပြောကြားချက်အရ အဆိုပါပွဲသို့ လူပေါင်း ၃၀၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ပွဲနေရာအပြင်ဘက်မှလည်း ဖန်သားပြင်ကြီးပေါ်တွင်  အတူကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

စပိန်အသင်းမှ ဖာရန် တောရက်စ်သည် ပွဲချိန် ၁၀၆ မိနစ်တွင် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ အများပြည်သူ စုပေါင်းကြည့်ရှုပွဲတွင် စပိန်အသင်းကို ကိုယ်စားပြုသည့် အနီရောင်အင်္ကျီများဖြင့် ပြည့်နှက်နေသော်လည်း အာဂျင်တီးနား၏ အပြာနှင့် အဖြူရောင်အင်္ကျီများကိုလည်း မြင်တွေ့နိုင်သည်။ မက်ဆီသည် အာဂျင်တီးနားအသင်း၏ အဓိကကစားသမားဖြစ်သလို FC Barcelona သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် လူအများက သတ်မှတ်ကြသောကြောင့် ဖြစ်သည်။

ပွဲအပြီးတွင် ပရိသတ်တစ်ဦးက အရမ်းပျော်ကြောင်းနှင့် အရမ်းကောင်းကြောင်း ပြောကြားခဲ့သည်။ နောက်တစ်ဦးက ၂၀၁၀ ခုနှစ် စပိန်အသင်း ကမ္ဘာ့ဖလားရချိန်က အသက်ငယ်ငယ်လေးပဲ ရှိသေးကြောင်းနှင့် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ကြည့်ရှုခဲ့ရသဖြင့် အရမ်းစိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။

မက်ဆီအတွက် ချီးကျူးစကားများစွာ ထွက်ပေါ်ခဲ့ပြီး ရှုံးနိမ့်ခြင်းကို မြင်ရသဖြင့် ဝမ်းနည်းကြောင်း ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။

မက်ဆီအတွက် တကယ်စိတ်မကောင်းဖြစ်မိကြောင်းနှင့် မက်ဆီသည် ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်ပြီး လူပေါင်းများစွာကို ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့သူဖြစ်ကြောင်း ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို