ယနေ့ ပြည်သူလူထုအကြားတွင် ဇော်ဂျီစာလုံးကိုပဲ ဆက်အသုံးပြုချင် သူတွေ ၊ ယူနီကုဒ်စနစ်ကို ပြောင်းလဲ အသုံးပြုချင်သူတွေငြင်းကြ ခုံကြ သဘောထားကွဲလွဲကြ စသည့် အသံများကို ကြားနေရ၊ သိနေရခြင်းက ခေတ်သစ်၏ ထူးခြားချက်တစ်ခုအဖြစ် မြင်မိမှတ်သားမိ ဖြစ်ရပါသည်။
အပြောင်းအလဲတစ်ခုခု၊ အထူးသဖြင့် စနစ်အပြောင်းအလဲတစ်ခုခု ပြုလုပ် သည့်အခါတိုင်းတွင် လူမှု အဖွဲ့ အစည်းများအတွင်းအငြင်းအခုံများ၊ စကား အချေအတင်ပြောဆိုမှုများ ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံတွင် လည်း ဇော်ဂျီလား၊ ယူနီကုဒ်လားဟု ငြင်းကြ၊ ခုံကြသံများ ပွက်လောရိုက်လာ သည့် အခါ အကောင်းမြင်သဘောအရ သည်လိုနိုင်ငံမှာ အစိုးရက ပြောင်းလဲ ရေးအတွက် အားပေးသည့် ကိစ္စရပ်များတွင်ပင် မကျေနပ် သံများ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာခြင်းကို နှစ်ခြိုက်စရာ ဟု မြင်မိပါ၏။
အစိုးရတစ်ရပ်က ပေါ်လစီချကာ ဆောင်ရွက်ကြစို့ဟုဆိုလျှင်မည်မျှ အဓိပ္ပာယ်ရှိ၏။ မရှိ၏ စဉ်းစား ချိန်မရ။ ကျောင်းဆရာ ဆရာမဖြစ်စေ၊ ရုံးဝန်ထမ်းများဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်စေ ကြက်ဆူ ပင် စိုက်ဆိုစိုက်၊ ပေါ်တာ လိုက်ဆိုလိုက် အကောင်အထည်ဖော်ခဲ့ရသော ကာလများနှင့် နှိုင်းယှဉ် ကြည့်လျှင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီအလေ့အထ တိုးတက်လာမှုက အံ့မခန်းဟုပင် ဆိုရချေ မည်။ ။
အမှန်တော့ ဇော်ဂျီဟူသည်နှင့် ယူနီကုဒ်ဆိုသည်က အခြေခံခြင်းကိုက တူညီသည်မဟုတ်။ ဇော်ဂျီက အမှတ်တံဆိပ်။ ယူနီကုဒ်က နည်းစနစ်။ နိုင်ငံတကာကပညာရှင်များ၊ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်း ကြီးများ စုပေါင်းဖွဲ့စည်းကာ နိုင်ငံတကာက နိုင်ငံများကြား ဆက်သွယ် ဆက်ဆံရေးဆိုင်ရာ နည်းပညာတို့နှင့် ပတ်သက်၍ စံနှုန်းများ၊ ဆက်သွယ် ရေးနည်းစနစ်များ၊ လူမှုရေးဆိုင်ရာ ပွင့်လင်း လွတ်လပ်မှု၊ ထိန်းချုပ်မှု စသည်တို့ကို ဆွေးကြဖွေကြ၊ ညှိကြ နှိုင်းကြဖြင့် နိုင်ငံတကာ ဆက်သွယ် ရေးစနစ်များကိုတိုးမြင့်ထွန်းကားအောင်ကြံဆကြ၊ သုတေသနများပြုကြ၊ တီထွင်ဖန်တီးကြခြင်းဖြင့် ယူနီကုဒ်စနစ်ဟု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်၏။ ကမ္ဘာတစ်ဝန်း ကွန်ရက်မျိုးစုံဖြင့် ဆက်သွယ် အသုံးပြုနိုင်မည့် စံနှုန်းများ ကိုရှာဖွေရင်း ဘာသာစကားပေါင်းစုံဖြင့် ဆက်ဆံနိုင်မည့်ကွန်ပျူတာ နည်း ပညာကို စနစ်တကျသတ်မှတ်ကြရန် စီမံကြရာမှယူနီကုဒ်စနစ်က ရလဒ် တစ်ခုဖြစ်လာလေသည်။
မည်သည့်ဘာသာစကားနှင့် ဝေါဟာရများမဆို ယူနီကုဒ်စနစ်ဖြင့် ကွန်ပျူ တာ များ၊ တယ်လီဖုန်းစနစ် များ တွင် ဖော်ပြမည်ဆိုပါကထိုနည်းပညာက ပြီးပြည့်စုံမှုမရှိသေးသည့်တိုင် ယေဘုယျ နားလည် နိုင်အောင် တီထွင် နိုင်ခဲ့သည်။
" ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုယူနီကုဒ်စနစ်ကိုအသုံးပြုမည် ဆိုလျှင် နိုင်ငံတကာစနစ် အတွင်းပါဝင်ကာ အလွယ်တကူ နားလည်ရန်၊ အလုပ်လုပ်ရန် လွယ်ကူသွားစေတော့သည်။
မိသားစုချင်း၊ မိမိတို့မိတ်ဆွေအချင်းချင်း ဆက်သွယ်ကြသူများအဖို့၊ နိုင်ငံ တကာစနစ်နှင့် ပါဝင်ပတ် သက် ရန်မလိုသည့်အတွက်မိမိတို့ သုံးစွဲမြဲ ဇော်ဂျီဖြင့် သုံးစွဲလျှင်လည်း ရသည်သာဖြစ်ပါသည်။
သို့ရာတွင် ယူနီကုဒ်စနစ်မှာ နိုင်ငံတကာသုံးစနစ်ဖြစ်သည့်အတွက်မိမိတို့ ၏ မှတ်သား စရာအချက် များကို သိုမှီးရာတွင် လည်းကောင်း၊ပြန်လည်ရှာ ဖွေ ဖော်ထုတ်ရာတွင် လည်းကောင်း အဆပေါင်းများစွာလွယ်ကူ ထိ ရောက် မှုရှိခြင်းကမူ စနစ်ပြောင်းလဲရန်အတွက် အရေးပါသော အားသာ ချက် တစ်ခုဖြစ်လေ၏။
ခေတ်စနစ်တစ်ခုခု အပြောင်းအလဲတွင် မလွယ်ကူသည်များ၊ အခက်အခဲ ရှိသည် များ ဆိုသည်က ကွန်ပျူတာစနစ်၊ တယ်လီဖုန်းဆက်သွယ်ရေး စနစ်တွင်သာမက နေရာတကာတွင် ရှိသည်သာဖြစ်၏။ အချက်အလက် မှတ်သားရေး အထူးမလိုအပ်သူများအဖို့၊ သို့တည်းမဟုတ် နိုင်ငံတကာနှင့် ဆက်ဆံ စရာ မလိုအပ်သူများအဖို့၊သို့မဟုတ် အစိုးရအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်ဆံ ဆက်သွယ်ကြရန် မလိုသူများအဖို့ ချက်ချင်းလက်ငင်း ပြောင်းလဲသုံးစွဲကြဖို့လိုမည်မဟုတ်ပါ။
စနစ်အပြောင်းအလဲမှာ နိုင်ငံတကာနှင့် ဆက်ဆံရေး လွယ်ကူမှု၊များပြား သော အချက်အလက် များ ကို စနစ်တကျသိုမှီး သိမ်းဆည်းရာတွင် အဆင် ပြေထိရောက်မှုတို့ကို ရေရှည်အမြော်အမြင် အတွက် ပြင်ဆင်နိုင် ကြရန်မှာမူ တဖြည်းဖြည်းချင်း လေ့ကျင့်ကြိုးစားပြင်ဆင် ကြရမည်သာ ဖြစ်လေသည်။
အပြောင်းအလဲတစ်ခု စတင်နိုင်ရေး အစီအစဉ်တစ်ခုခု စတင်သည်ဆိုလျှင် စိုးရွံ့မှုတို့က ရှိကြသည်မှာ သဘာဝသာ ဖြစ်ချေ၏။စနစ်အခြေတည်လာ သည် နှင့်အမျှ ကိုယ်တိုင်ပြောင်းလဲလာရသည်တို့က ရှိမြဲ သာလျှင် ဖြစ်ချေ၏။
ကွန်ပျူတာများပေါ်ပေါက်စအချိန်က အီလက်ထရွန်နစ် စာပို့စနစ်ကိုပင် ရှုပ်ထွေးလှသည်ဟုဆိုကာ ဝေးဝေးနေခဲ့ကြသူတို့လည်းရှိပါသည်။ လက် ကိုင် ဖုန်းများအသုံးပြုမှု တွင်ကျယ်စကာလတုန်းက တစ်ဦးနှင့်တစ်ဦး စာသွားစာလာ ဆက်သွယ်သည်ကိုပင် ခက်ခဲလှသည်ဟု ငြင်းဆန်ကာ စကားဖြင့် သာပြောဆိုရမှ အားရ၏ ဆိုသည်တို့လည်း ရှိခဲ့ဖူးသည် သာဖြစ် ၏။ တယ်လီဖုန်းစာပို့စနစ်က ပိုမို ကောင်းမွန် လွယ်ကူမြန်ဆန်သည်ဟူ သည့် အားသာချက်ကို နားလည်သဘောပေါက်လာကြသည့် အခါ ပြောင်းလဲလာကြသည်သာ ဖြစ်ချေ၏။
ယခုအခါတွင်လည်း ချက်ချင်းဆိုသလို နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်ပါရန်ကြိုးစားအားထုတ် သူတို့ကလည်း ရှိနေမည်ဖြစ်သလို မိမိတို့၏ အဆင်ပြေလွယ်ကူမှုပေါ်တည်၍ ပြောင်းလဲလိုသူ၊ ဖြည်းဖြည်းချင်း ပြောင်း လဲ လိုသူမပြောင်းလဲတော့ဟု ဆုံးဖြတ်ထားသူတို့လည်း ရှိမည်သာဖြစ်၏။ မဖြစ်မနေလုပ်ရမည်ဟူသောဥပဒေဖြင့် ကန့်သတ်ထားခြင်းမရှိ။ သို့သော် ခေတ်နှင့်အမီလိုက်ပါရန် အတွက် နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်စွာ ချီတက်ရေး အတွက်ဆိုလျှင်မူ အပြောင်းအလဲများက လိုအပ်နေမည်သာဖြစ်ပေသည်။
ခေတ်ရေစီးကတော့ စီးဆင်းနေမည်သာ။ ။ မြန်မာ့အလင်း