၂၅ ဩဂုတ်
အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် နိုင်ငံခြားသားတွေ လာရောက် လည်ပတ်ခွင့်ကို ၂၀၂၀ အကုန်အထိ ပိတ်ပင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ မူလက စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်မယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားသား အများစု လာရောက် လည်ပတ်လေ့ရှိတဲ့ ကမ်းခြေ၊ ဘုရားကျောင်းတွေနဲ့ နိုင်ငံခြားသားတွေ သွားရောက်လေ့ရှိတဲ့ တခြားနေရာတွေကို ဇူလိုင်လက ပိတ်လိုက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ အရေအတွက် များလာမှုနဲ့ နိုင်ငံတကာ အစိုးရ အချို့ကလည်း သူ့နိုင်ငံသားတွေကို ခရီးသွားခွင့်တွေကို ပိတ်ပင်ထားမှုတွေ ကြောင့် အစီအစဉ်တွေကို ပယ်ဖျက်လိုက် ခြင်းဖြစ်ပါတယ်။
ဘာလီ အပါအဝင် အင်ဒိုနီးရှား နိုင်ငံကို နိုင်ငံတကာက လာရောက် လည်ပတ်ဖို့ ခွင့်မပြုနိုင်သေးတာကို တွေ့ရပါတယ်။
ဘာလီကို လာရောက်တဲ့ လေယာဉ် အရေအတွက် ကျဆင်းသွားသလို ကပ်ရောဂါကြောင့် ဘာလီက ဟိုတယ်တွေဟာ တည်းခိုသူ မရှိတော့ဘဲ အခွံဖြစ်သွားသလို စားသောက်ဆိုင်တွေရဲ့ ရပ်တည်ရေးဟာလည်း အခက်အခဲ ဖြစ်နေပါတယ်။
ဘာလီမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၄,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၉ ဦး ရှိကြောင်း သိရပါတယ်။
ဘာလီကျွန်း အုပ်ချုပ်ရေးမှူး အိုင် ဝေယံ ကော့စတာ က ဘာလီကျွန်းရဲ့ နိုင်ငံခြားသား ခရီးသည်တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ဗဟိုအစိုးရက ထောက်ခံကြောင်း ဒါပေမယ့် လိုအပ်တဲ့ စောင့်ရှောက်မှု၊ ပြင်ဆင်မှုကို သေချာပြင်ဆင်ရေး၊ အလျင်စလို မလုပ်ဖို့ လိုအပ်ကြောင်း ဗဟိုအစိုးရက အကြံပေး ထားတယ်လို့ ပြောပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ကြောင်း၊ ပြန်လည် ကျန်းမာလာသူ များလာကြောင်းနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးမှုကိုလည်း ထိန်းထားနိုင်ကြောင်း ကျွန်းအုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ အနည်းဆုံး ၆,၆၈၀ ရှိပြီး ရောဂါပိုး တွေ့ရှိသူ ၁၅၃,၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP