ဘာလင် ဇန်နဝါရီ ၇
ဂျာမနီနိုင်ငံ ဘာလင်မြို့အနောက်တောင်ပိုင်းရှိ အိမ်ထောင်စုများ၊ စူပါမားကက်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားသော စီပွားရေးလုပ်ငန်းများတွင် ဇန်နဝါရီ ၆ ရက်အထိ လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားလိုင်းဖျက်ဆီးခံရပြီးနောက် ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြသော်လည်း ဘာလင်မြို့ဒေသအများအပြားတွင် အမှောင်ထုအတွင်း ကျရောက်နေသည်မှာ လေးရက်ဆက်တိုက်ရှိပြီဖြစ်သည်။
ဇန်နဝါရီ ၃ ရက်က ဓာတ်အားပေးစက်ရုံတစ်ခု၏ ကေဘယ်ကြိုးများ မီးရှို့ခံခဲ့ရပြီးနောက် အိမ်ခြေ ၄၅၀၀၀ ခန့်နှင့် လုပ်ငန်းပေါင်း ၂၂၀၀ ကျော်တို့တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ ဇန်နဝါရီ ၄ ရက်က လျှပ်စစ်ဓာတ်အားပြတ်တောက်မှုခံစားခဲ့ရသည့်ခရိုင်များရှိ ဆေးရုံငါးရုံတွင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။
သို့သော်လည်း ဒေသခံများသည် မြို့တော်အတွင်း အပူချိန်ကျဆင်းပြီး နှင်းများကြောင့် အခန်းအတွင်း အအေးဒဏ်ကို ခံစားနေရသည်။ ဗော့ကန်ဂရု (မီးတောင်အုပ်စု) ဟု အမည်ပေးထားသည့် အုပ်စုက လစ်ချ်တာဖဲဒ်ရှိ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် ချိတ်ဆက်ထားသည့် အခြေခံအဆောက်အအုံကို အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ကြောင်း အွန်လိုင်းပေါ်တွင် ဇန်နဝါရီ ၄ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ


