ဘာသာစကားဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့်ခေတ်ပညာတတ်လူငယ်များ မွေးထုတ်ပေးရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

mdn

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)

 

တစ်နေ့တခြား တိုးတက်ပြောင်းလဲလာနေသည့် ခေတ်စနစ်ကြီးထဲတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရေးအတွက် လူမှုဆက်ဆံရေးနယ်ပယ်တွင် သာမက အလုပ်အကိုင် အခွင့်အလမ်းကောင်း များရရှိရေးအတွက် လေ့လာသင်ယူရမည့် အသက်မွေးဝမ်း ကျောင်းပညာရပ်များထဲတွင် ဘာသာစကား ကျွမ်းကျင်မှုပညာရပ်သည်လည်း အလွန်အရေးပါသည်။

 

နိုင်ငံခြားဘာသာစကားဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးပြီး ဘွဲ့ရ ခေတ်ပညာတတ်များစွာကို မွေးထုတ်ပေးနေသော ရန်ကုန်မြို့၏ အထင်ကရ အဆင့်မြင့်တက္ကသိုလ်တစ်ခုအဖြစ် ဝင့်ကြွားစွာရပ်တည်နေသည့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ကို ၁၉၆၄ ခုနှစ်တွင် နိုင်ငံခြား ဘာသာသင်တန်းကျောင်းအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခဒေါက်တာကြည်ရွှင်က “အခုခေတ်မှာ ဘာသာစကားက အသက်မွေးဝမ်းကျောင်းအတွက် ပိုပြီးအခြေခံကျ တယ်လို့ မိဘတော်တော်များများ၊ ကျောင်းသား တော်တော်များများက ယူဆတဲ့အတွက် ဒီကျောင်းကိုတက်ဖို့ ရည်ရွယ်ကြတယ်”ဟု ပြောသည်။

 

၎င်းကဆက်လက်၍ “တက္ကသိုလ်မဖြစ်ခင်ကြား ထဲမှာ IFL(Institute of Foreign Languages)ဆိုပြီး အကြာကြီးရပ်တည်ခဲ့ပါတယ်။ အရင်လုပ်ခဲ့တဲ့တက္ကသိုလ်၊ အရင်လုပ်ခဲ့တဲ့ နိုင်ငံခြားဘာသာသင်ကျောင်းတို့၊ IFL တို့ ခေတ်တွေမှာတောင် ဒီကျောင်းဟာ ဘွဲ့ရပုဂ္ဂိုလ်တွေအတွက် နိုင်ငံခြားဘာသာကို မနက်ပိုင်းမှာ သင်တဲ့ ကျောင်းအဆင့်နဲ့ ရပ်တည်လာတာပေါ့။ အခုတက္ကသိုလ်ဆိုတော့ ပုံမှန်သင်တန်းတွေနဲ့ အခြား တက္ကသိုလ် တွေလိုဖြစ်နေပါပြီ” ဟု ပြောသည်။

 

အထူးပြုဘာသာရပ် ရှစ်ခုသင်ကြား

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပညာ သင်နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး သည့် မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူများ အတွက် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း အစရှိသည့် အထူးပြုဘာသာရပ်ရှစ်ခုကို ပညာသင်နှစ် လေးနှစ်သတ်မှတ်ကာ သင်ကြား ပို့ချပေးလျက်ရှိပြီး လေးနှစ်တက်ရောက်ပြီးပါက ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များ ချီးမြှင့်အပ်နှင်းကြောင်း သိရသည်။

 

“ပုံမှန်က ဝိဇ္ဇာဘွဲ့အတွက်ဆို လေးနှစ်သင်တန်း ဖြစ်ပါတယ်။ B.A. (English)တို့၊ B.A. (Japanese)တို့ စသဖြင့်ဖြစ်ပါတယ်။ ပုံမှန်လေးနှစ်ပါပဲ။ ကျောင်းဝင်ကြေးတို့၊ ကျောင်းလခသင်တန်းကြေးတွေ ကျတော့ ကျွန်တော်တို့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များအောက်မှာ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေအားလုံး အတူတူပါပဲ” ဟု ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောသည်။

 

အာဆီယံနိုင်ငံများတွင် ဂုဏ်ယူဖွယ်ရာတက္ကသိုလ်ဖြစ်

 

၎င်းက ဆက်လက်၍ “မဟာဘွဲ့ကတော့မြန်မာနိုင်ငံသားအားလုံးကို ပေးနေတဲ့ မဟာဘွဲ့ ရှစ်ခုရှိပါတယ်။ နောက် ပါရဂူဘွဲ့က တရုတ်နဲ့ ကိုရီးယားဘာသာ စကားကို ပေးပါတယ်။ ဒါက ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ရှားရှားပါးပါး ပါရဂူဘွဲ့ပေးနေတဲ့ ကိုရီးယားနဲ့ တရုတ်ကိုပေးတာ တက္ကသိုလ် နှစ်ခုလောက်ပဲ ရှိပါတယ်။ အာဆီယံနိုင်ငံထဲမှာ ကျွန်တော်တို့နိုင်ငံက ရှားရှားပါးပါး ပါဝင်ပါတယ်” ဟု ပြောသည်။ ထို့ပြင် နိုင်ငံခြားသားများအတွက်လည်း မြန်မာ စာကို လေးနှစ်၊ နှစ်နှစ်၊ တစ်နှစ် စသဖြင့် ဘွဲ့နှင့် ဒီပလိုမာ သင်တန်းများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် ဝင်ခွင့်လျှောက်ထားရာတွင် လိုအပ်သည့်အရည်အချင်း

 

အဆိုပါ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိအထူးပြုဘာသာရပ်များတွင် ယခုနှစ် ပညာသင်နှစ်တွင် တက်ရောက်သင်ကြားလိုသည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား ကျောင်းသူများသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မည်သည့်ပြည်နယ်နှင့် တိုင်းဒေသကြီး စာစစ်ဌာနများတွင်မဆို ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၀ဝ နှင့်အထက်ရှိရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားရာတွင် ဦးစားပေးဘာသာရပ် သုံးခုအထိ ရွေးချယ်လျှောက်ထား ခွင့်ရှိကြောင်း သိရသည်။

 

“ဒီတက္ကသိုလ်မှာ ပုံမှန်သင်တန်း ဘွဲ့အတွက်ဆိုရင်တော့ ၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲအောင်ရပါမယ်။ စုစုပေါင်းရမှတ်ဟာ အမှတ် ၄၀ဝ နဲ့အထက်ရှိရပါမယ်။ တကယ်လို့ ကိုယ်လျှောက် ထားလိုတဲ့ဦးစားပေးဘာသာရပ်ဟာ အင်္ဂလိပ်စာဘာသာရပ်ဆိုရင်အင်္ဂလိပ်စာဘာသာရပ်မှာ ၆၅ မှတ်နဲ့အထက် ရရှိထားသူဖြစ်ရပါမယ်”ဟု ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောသည်။

 

ထိုသို့လျှောက်ထားရာတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် အစရှိသဖြင့် လိပ်မူပြီး မိမိကိုယ်တိုင်သော်လည်း ကောင်း၊ စာတိုက်မှတစ်ဆင့်သော်လည်းကောင်း လျှောက်ထားနိုင်ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဝင်ခွင့်ရွေးချယ်ခြင်းမခံရပါက တက္ကသိုလ်ဝင်ခွင့် မဆုံးရှုံးစေ ရေးအတွက် အခြားတက္ကသိုလ်များသို့ တက်ရောက်ပညာ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါအတိုင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)သို့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ စနစ်တကျ လွှဲပြောင်းပေးပို့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၃ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်

 

ယခုနှစ် ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာ များကို ဇွန်လ ၂၄ ရက်နေ့မှစ၍ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ထုတ်ယူနိုင်ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင်နောက်ဆုံးထား၍ ပေးပို့လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်ခွင့်ရရှိသူများကို အောက်တိုဘာလဆန်းပိုင်းတွင်ကြေညာနိုင်ရန် မျှော်လင့်

 

“ဝင်ခွင့်စနစ်က ပြောင်းသွားပါပြီ။ တစ်နိုင်ငံလုံးက လာတက်လို့ရပါတယ်။ အရင်နှစ်ကစလို့ တစ်နိုင်ငံလုံး လက်ခံထားပါတယ်။ အခု ဝင်ခွင့်လျှောက်လွှာလက်ခံနေတာ ဇွန်လ ၂၄ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ တစ်လတိတိဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့စိစစ်ပြီး ရွေးချယ်တဲ့အဆင့်ဖြစ်ပါတယ်။ ဝင်ခွင့်ရတဲ့သူတွေကိုတော့ အစောဆုံး အောက်တိုဘာလဆန်းပိုင်းမှာ ကြေညာနိုင်မယ်လို့ မျှော်လင့်ထားပါ တယ်။ ကျောင်းဖွင့်တာကတော့ ဒီဇင်ဘာလဆန်းပိုင်းဖြစ်ပါတယ်” ဟုပြောသည်။

 

ယခုနှစ် လူတွေ့နှုတ်ဖြေစာမေးပွဲကို ခေတ္တဆိုင်းငံ့ထား

 

“ဒီနှစ်မှာတော့ နှုတ်ဖြေစာမေးပွဲကို ခေတ္တဆိုင်းငံ့ထားတဲ့သဘောပါပဲ။ နောက်နှစ်တွေမှာတော့ KG +၁၂ သူငယ်တန်းအပေါင်း ၁၂ တန်းစနစ် ပြည့်ပြည့်ဝ၀ အကောင်အထည်ဖော်ပြီးတဲ့ အချိန်ကျရင်တော့ကျွန်တော်တို့ လက်ရှိဝင်ခွင့်စနစ်ကို ပြန်သုံးသပ်ပါ့မယ်။ လောလောဆယ်မှာတော့ ကျောင်းသားတွေရော၊ ကျောင်းသား မိဘတွေအတွက်ရော၊ ဝင်သင့်ဝင်ထိုက်ရဲ့သားနဲ့ မဝင်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေအကျိုး အတွက်ရော ရည်ရွယ်ပြီး လူတွေ့နှုတ်ဖြေစာမေးပွဲကိုခေတ္တဆိုင်းငံ့ထားတာဖြစ်ပါတယ်”ဟု ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင် က ပြောသည်။

 

လက်ခံမည့် သင်တန်းသားဦးရေ

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် သင်ကြား သည့် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း အစရှိသည့် အထူးပြုဘာသာရပ် ရှစ်ခုအတွက်သတ်မှတ်ထားသည့် လူဦးရေနှင့်အညီ လက်ခံသင်ကြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အခု လက်ခံထားတာ ပထမနှစ်ကို ဘာသာရပ် ရှစ်ခုစလုံးအတွက် လူ ၈၀ဝ ပါ။ နိုင်ငံခြားသား မပါဘူး။ ပုံမှန်အားဖြင့် ဘွဲ့နှင်းသဘင်တစ်ခုမှာ တစ်နှစ်ကို လူ၄၀ဝ၊ ၅၀ဝ နီးပါး မွေးထုတ်ပေးနိုင်ပါတယ်” ဟုပြောသည်။

 

ဘွဲ့ရများအတွက် ဘာသာစကားဆိုင်ရာသင်တန်းများ ပို့ချလျက်ရှိ

 

ထို့ပြင် အဆိုပါတက္ကသိုလ်တွင် တခြားဘွဲ့ရပြီးသူများအတွက် အချိန်ပိုင်းဘာသာစကားသင်တန်းများ၊ အချိန်ပြည့် ဘာသာဗေဒသင်တန်းများဖွင့်လှစ်၍ ဒီပလိုမာနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်သည့်အပြင် နိုင်ငံခြားဘာသာစကားမှမြန်မာဘာသာသို့၊ မြန်မာဘာသာမှ နိုင်ငံခြားဘာသာ စကားသို့ ဘာသာပြန်ဆိုနိုင်သည့် သင်တန်းများကိုလည်း ကျွမ်းကျင်အဆင့်အထိ တတ်မြောက်အောင် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

 

ဘာသာစကားသင်တန်းကျောင်းဟုဆိုသော်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိမှုမြင့်မား

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သည် ဘာသာ စကားကို အဓိကထားသင်ကြားသည့် တက္ကသိုလ်ဖြစ်သော် လည်း အဆိုပါကျောင်းမှ ဘွဲ့ရရှိပြီးပါက အစိုးရ ဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ နိုင်ငံခြားတိုင်းပြည်များတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု နှစ်စဉ် တိုးတက်မြင့်မား လျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေကိုကြည့်လိုက်ရင် တော်တော်များများက အလုပ်အကိုင် အခွင့်အလမ်းအတွက် အဆင်ပြေကြတယ်။ အခုခေတ်က အင်္ဂလိပ်စကားပြောတတ်ရင်ကို အလုပ်ရဖို့က အဆင်ပြေတယ်။ အထူးသဖြင့် အင်္ဂလိပ်လိုလည်း ပြောတတ်တယ်၊ ဂျပန်လိုလည်း ပြောတတ်တဲ့ကျောင်းသား ကျောင်းသူတွေ အလုပ်ရတဲ့ရာ ခိုင်နှုန်းက ၁၀ဝ ရာခိုင်နှုန်း လောက်ရှိတယ်။ ကျောင်းမှာ ဂျပန်မေဂျာနဲ့ ကျောင်း ပြီးရင် သုံးလအတွင်းမှာ ၉၀ ရာခိုင်နှုန်းကျော် ၁၀ဝ ရာ ခိုင်နှုန်းနီးပါးလောက်က အလုပ်ရသွားကြတာပါပဲ” ဟု ပြောသည်။

 

ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် ကျောင်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်မြင့်မားစေရန်အတွက် ခေတ်နှင့်အညီ နောက်ဆုံးပေါ်နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၊ စာအုပ်စာပေများ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းများကိုအသုံးပြု၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က “ဒီကျောင်းကို လာမယ်ဆိုရင်ဘဝရည်မှန်းချက်ထားပြီး လာစေချင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်နဲ့ သက်ဆိုင်နိုင်တဲ့ကျောင်းကိုလာမှသာလျှင် သင်ကြားမှု၊ သင်ယူမှုစနစ်ဟာ အောင်မြင်နိုင်ပြီး ကျောင်းသား ကျောင်းသူတွေအတွက် အောင်မြင်မှုရလဒ်ကောင်းတွေ ရမှာပါ။ ဒါကြောင့် ခိုင်မာတဲ့ရည်မှန်းချက်နဲ့ တက္ကသိုလ်တွေမှာ ပညာသင်ကြားကြပါလို့ ပြောချင်ပါတယ်” ဟု ပြော သည်။

 

သို့ပါ၍ ၂၀၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား ကျောင်းသူများ သည် မိမိတို့ဝါသနာပါရာ၊ စိတ်အားထက်သန်ရာ ဘာသာရပ်များကို မှန်ကန်စွာရွေးချယ်သင်ယူပြီး မိမိတို့ရည်မှန်း ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး နယ်ပယ်ရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့၏အထင်ကရ အဆင့်မြင့်တက္ကသိုလ် ဖြစ်သည့် ဘာသာစကား ကျွမ်းကျင်သူ ဘွဲ့ရခေတ်ပညာတတ်များစွာကို မွေးထုတ်ပေးနေသော ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်အကြောင်း ရေးသားတင်ပြလိုက်ရပါသည်။