ရန်ကုန် ၉ ဇန်နဝါရီ
ကရင်ပြည်နယ်ရှိ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များသည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြဝတီမြို့၊ အမှတ် (၃)ရပ်ကွက်၊ သောင်းရင်းမြစ်ကမ်းနဘေးရှိ အမှတ် (၄)တပ်နယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ သိရသည်။

''ကိုယ့်နိုင်ငံမှာ တိုးတက်ရာ တိုးတက်ကြောင်း ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်ကြဖို့၊ ဥပဒေဘောင်အတွင်း ဆောင်ရွက်ကြဖို့၊ ဘာသာပေါင်းစုံ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်'' ဟု ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ နာယက ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးစောမုတ်သုန်က ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဘာသာရေးခေါင်းဆောင် စုစုပေါင်း ၃၈ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော်အေးချမ်းသာယာရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ နိုင်ငံတော်တွင်း နေထိုင်ကြသည့် ဘာသာပေါင်းစုံမှ ပြည်သူများ နိုင်ငံတော်၏ မူဝါဒနှင့်အညီချီတက် ဆောင်ရွက်ရန်နှင့် ဘာသာကြီးလေးခု ပေါင်းစပ်ကာ နိုင်ငံသာယာလှပရန်အတွက် ပေါင်းစပ်လုပ်ကိုင်သွားရန် စသည့် ရည်ရွယ်ချက်လေးခုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းသစ်(MNA)