ရန်ကုန် ၈ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် ဘာသာပေါင်းစုံမှ သက်ကြီးဘိုးဘွားများအား ဂါရဝပြု ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဥက္ကလာပစေတီတော်ဝန်း မဟာမုနိဓမ္မာရုံ၌ ကျင်းပသည်။

"မြို့နယ်အတွင်းမှာမှီ တင်းနေထိုင်တဲ့ ဘာသာကြီးလေးခုက သက်ကြီးရွယ်အို အဘိုး/အဘွားတွေကို ဘာသာလူမျိုးမခွဲခြားဘဲ ဘိုးဘွားဂါရဝပြုပွဲကို ကျင်းပပေးနိုင်တာဟာ အင်မတန်မှ အသိအမှတ်ပြု ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီလိုတွေဆောင်ရွက်နိုင်အောင် ဗုဒ္ဓဘာသာဝင်တွေသာမကဘဲ အခြားသော ဘာသာဝင်တွေအနေနဲ့လည်း ငွေအား၊ လူအားနဲ့ အချင်းချင်း ကူညီစောင့်ရှောက်ကာ ညီညီညွတ်ညွတ်နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ခြင်းကို အကောင်အထည်ဖော်နိုင်တာဖြစ်လို့ အထူးပဲအသိအမှတ်ပြု ဂုဏ်ယူပါတယ်"ဟု မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးသောင်းထိုက်က ပြောသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ တောင်ဥက္ကလာပမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်တို့က ထောက်ပံ့လှူဒါန်းနိုင်ခြင်းအပေါ် ဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ပေါင်း(၁၃)ခုမှ တစ်ရပ်ကွက်လျှင် ဘာသာကြီးလေးခုမှ သက်ကြီးဘိုးဘွား (၄)ဦးစီဖြင့် ဘာသာပေါင်းစုံမှ အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၂)ဦးကို တစ်ဦးလျှင် ကျပ်(၁)သိန်းစီဖြင့် အလှူငွေများ ထောက်ပံ့လှူဒါန်းကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြသည်။ ထိုသို့ လှူဒါန်းထောက်ပံ့မှုသည် နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ်တိုင်ပြီဖြစ်ကြောင်း ယနေ့လှူဒါန်းပွဲမှ သိရသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)၊ ဓာတ်ပုံ-မျိုးကြီး