မိမိတို့တတ်ကျွမ်းထားသည့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်
နေပြည်တော် ဇန်နဝါရီ ၂၅
(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို Naypyitaw State Academy စုပေါင်းခန်းမကြီး၌ ဆက်လက်ကျင်းပပြုလုပ်ပြီး ဦးစွာ ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံသီချင်းဖြင့် ဖျော်ဖြေသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၂၃) ကြိမ်မြောက်ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဖွင့်ပွဲအထိမ်းအမှတ် အမှာစကား ပြောကြားရာတွင် တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ် အရင်းအမြစ် ပေါများခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ ပညာတတ်များမွေးထုတ်ရာ ဦးဆောင်တက္ကသိုလ် ကြီးဖြစ်လာရန် မျှော်မှန်းချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy တွင် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များက ဝိဇ္ဇာနှင့်သိပ္ပံ ပညာရပ်များ၏ မီးရှူးတန်ဆောင်ဖြစ်သည့် ဤသုတေသနညီလာခံ ကြီးကို ယနေ့မှစပြီး သုံးရက် တိုင်တိုင် ကျင်းပမည်ဖြစ်သည့်အတွက် အလေးအနက် ချီးကျူး ဂုဏ်ပြုအပ်ကြောင်း။
ပညာရဲရင့် ပွဲလယ်တင့်
မျက်မှောက်ခေတ်ကို “ပညာ ခေတ်”ဟု တင်စားသတ်မှတ်ထားသည်နှင့်အညီ ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးဟု ခံယူထားသည့် အရာသည် “ပညာ” သာဖြစ်ကြောင်း၊ “ပညာရဲရင့် ပွဲလယ်တင့်” ဟူသည့် အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ စကားသည် ယနေ့တိုင် မှန်ကန်နေဆဲဖြစ်ကြောင်း၊ မည်သည့်ခေတ်တွင်မဆို နိုင်ငံသားတိုင်း ပညာရည်မြင့်မှ ကမ္ဘာ့အလယ်တွင် နိုင်ငံနှင့် လူမျိုးတင့်တယ်မည်ဖြစ်ကြောင်း။
ပညာသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းခံဖြစ်သည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာ တွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ ထိုကဲ့သို့ မြှင့်တင်ဆောင်ရွက်ရာတွင် ယခုကဲ့သို့ သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများကများစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။
သုတေသနဆိုသည်မှာ ပါဠိဘာသာစကား “သုတ” ဟူသည့် အကြားအမြင်နှင့် “ဧသန” ဟူသည့် “ရှာမှီးခြင်း” တို့ ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ကြောင်းကျိုးတရားကို ရှာမှီးခြင်း ဟုအဓိပ္ပာယ်ရကြောင်း၊ “ပညာဖြင့် ကြောင်းကျိုးတရားကိုသိ၏” ဆိုသကဲ့သို့ သုတေသီတို့သည် အရာခပ်သိမ်းကို ပြေးကြည့်ရန်မလိုဘဲ အတွေ့အကြုံ၊ အမြော်အမြင်နှင့် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာတွေးတောရုံမျှ၊ သုတေသနအသိအမြင်ကို အသုံးချကာ စူးစမ်းရှာဖွေရုံမျှဖြင့် သမ္မာဒိဋ္ဌိ- မှန်ကန်သော အမြင်၊ မှန်ကန်သော ရလဒ်ကို ရရှိစေကြောင်း။
သုတေသနဟူသည်မှာ ဖန်တီးနိုင်မှုစွမ်းရည် မြင့်မားလှသည့် စွမ်းဆောင်ချက်တစ်ခု (Research is a highly creative activity)ဟု ဆိုကြကြောင်း၊ အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက် (Quality Research) တစ်ခုသည် ထုတ်ကုန်သစ်များ ထုတ်လုပ်ပေးနိုင်စွမ်း၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်စွမ်းရရှိစေပြီး စက်ရုံအသစ်များကို ပေါ်ထွန်းလာစေနိုင်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေနိုင်ပြီး နည်းပညာ သစ်များနှင့် တီထွင်ဖန်တီးမှုအသစ်များကို ထွက်ပေါ်လာစေနိုင်ကြောင်း၊ ထို့ကြောင့် အရည်အသွေးရှိသည့် သုတေသန စွမ်းဆောင်ချက်တစ်ခုသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကိုများစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးဖြစ်
သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးဖြစ်သည်ဟု သတ်မှတ်ထားသည်နှင့်အညီ သုတေသန ဆောင်ရွက်နေသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူလေ့လာနေသည့် ပညာရပ် နယ်ပယ်များတွင် ပိုမိုတတ်ကျွမ်း ထူးချွန်လာကြမည်ဖြစ်ကြောင်း၊ တွေ့ရှိချက်အသစ်များမှတစ်ဆင့် ဆန်းသစ် တီထွင်မှုများကို ဆက်လက်လုပ်ဆောင်ကြခြင်းသည် လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာကြမည်မှာ အသေအချာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က တက္ကသိုလ်များအတွက် သုတေသနအသုံးစရိတ်များ၊ သုတေသန ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးခဲ့သည့်အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း(MSME) များကို အားပေးရင်း ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး (One Region, One Product)ထုတ်လုပ်ရန် တိုက်တွန်း လျက်ရှိသကဲ့သို့ အရည်အသွေး မြင့်ကုန်ချောများ (Value-added Products) ထုတ်လုပ်ခြင်းမှ တစ်ဆင့် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ (Agro-based Industries)ကို ဦးတည် ကြိုးပမ်းရန် ပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါ အမျိုးသားရေး လုပ်ငန်းစဉ် နှစ်ရပ်အောင်မြင်ရေးအတွက် တက္ကသိုလ်များ၏ သုတေသန အားကောင်းမှုဖြင့် လည်း ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဟု ယုံကြည်ကြောင်း။
ပူးပေါင်းလုပ်ဆောင်
သုတေသနများဆောင်ရွက်ရာတွင် တစ်ဦးချင်းသုတေသနနှင့် အဖွဲ့လိုက်သုတေသနများ ဆောင်ရွက်ကြသကဲ့သို့ ပူးတွဲသုတေသန (Joint Research)များကိုလည်း ဘာသာရပ်အချင်းချင်း၊ ပြည်တွင်းတက္ကသိုလ်များ အချင်းချင်း၊ ပြည်တွင်းပြည်ပ တက္ကသိုလ်အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုပါက အဖိုးတန်သည့် သုတေသနကောင်း များစွာ ပေါ်ထွက်လာနိုင်ကြောင်းကို ပြောကြားလိုကြောင်း။
တက္ကသိုလ် သုတေသနများမှ ထုတ်ကုန်အသစ်များ ထုတ်လုပ်နိုင်သည့် နည်းပညာသစ်များကို စက်ရုံများသို့ နည်းပညာလွှဲပြောင်း ပေးခြင်း (Technology Transfer) ပြုလုပ်သကဲ့သို့ သုတေသနတွေ့ရှိ ချက်အသစ်များကို လိုအပ်သည့် အဖွဲ့အစည်းများသို့ ပညာဗဟုသုတ မျှဝေပေးခြင်း (Knowledge Sharing)ပြုလုပ်ကာ နိုင်ငံ့စီးပွား ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာအောင် ပံ့ပိုးပေးနိုင်ခြင်းဖြင့် နိုင်ငံတော်က အားကိုး အားထား ပြုရသည့် တက္ကသိုလ်များဖြစ်လာကြမည်ဖြစ်ကြောင်း။
နိုင်ငံတော်ကို အကျိုးပြုမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သုတေသနလမ်းညွှန်မှုများ ပေးရန်ဟူသည်မှာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ က ၁၉၉၉ ခုနှစ် သြဂုတ်လ စတင်ဖွဲ့စည်းပေးချိန်မှစပြီး ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိရာ သုတေသနလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ဝိဇ္ဇာ၊ သိပ္ပံနှင့် လူမှုရေး ပညာရပ်များဆိုင်ရာ ဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများနှင့် ညီလာခံများကို နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academyတွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း။
စာတမ်းပေါင်း ၃၁၄ စောင်
ယခုညီလာခံတွင် ဂုဏ်ယူဖွယ်ရာ အချက်တစ်ချက်အဖြစ် နိုင်ငံတစ်ဝန်းမှ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ၊ စစ်တက္ကသိုလ် အပါအဝင် အခြားဝန်ကြီးဌာန ခြောက်ခုတို့မှ ပညာရေးဝန်ကြီးဌာန၌ ပါရဂူကျမ်း လာရောက် ပြုစုနေသူသုတေသီများက သုတေသနစာတမ်းပေါင်း ၃၁၄ စောင်ကို ဖတ်ကြား ဆွေးနွေးကြမည် ဖြစ်သည့်အတွက် တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် သုတေသနတွင် လွန်စွာစိတ်ဝင်စားမှုရှိကြောင်း တွေ့ရသဖြင့် အားရကျေနပ်မိကြောင်းကို ပြောကြားလိုကြောင်း။
ထိုသို့သုတေသနစာတမ်းများ ဖတ်ကြားသည့်အပြင် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်အသီးသီးမှ သုတေသနပိုစတာပေါင်း ၆၀ ခန့်ပြသထားသကဲ့သို့ သုတေသနပြကွက် ၂၀ ကျော်ကို ခင်းကျင်း ပြသထားသည်ဟု သိရကြောင်း၊ တက္ကသိုလ်အသီးသီး၏ မတူကွဲပြားသည့် ဘာသာရပ်အသီးသီးမှ သုတေသနပညာရှင်များ၏ တီထွင်ဆန်းသစ်မှုများ၊ သုတေသနတွေ့ရှိချက်များကို လာရောက်ကြည့်ရှု ကြသူများက တွေ့မြင်သိရှိခွင့်ရရှိကြသကဲ့သို့ အပြုသဘောဆောင်သည့် အကြံပြုချက်များကို ပေးအပ်နိုင်မည် ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် အသိအမြင် ဖလှယ်ခွင့်ရရှိကြမည်ဖြစ်ကြောင်း။
စာတမ်းဆုများ ချီးမြှင့်သွားမည်
ပညာရေး ဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသန စာတမ်းများအနက် အကောင်းဆုံး သုတေသနဆု၊ ဘာသာရပ်နယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုများ ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် သုတေသနညီလာခံမှ အဆင့်မီသည့် သုတေသနစာတမ်းများကို စုစည်းပြီး သုတေသနဂျာနယ်များ ထုတ်ဝေမည်ဟုလည်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ သိရှိရကြောင်း။
မြန်မာနိုင်ငံ တက္ကသိုလ်များ တည်ရှိရာဒေသများသည် ကြွယ်ဝမှုအသီးသီးကို ပိုင်ဆိုင်ထားကြကြောင်း၊ သာဓကအားဖြင့် နိုင်ငံ၏ အနောက်ဘက်ပိုင်း၊ တောင်ဘက်ပိုင်းတွင်တည်ရှိသည့် တက္ကသိုလ်များသည် ပင်လယ် ကမ်းရိုးတန်းနှင့် ရေ၊ မြေ၊ သား၊ ငါး ပေါကြွယ်ဝသည့် မိုးများသည့် ဒေသများတွင်ရှိကြကြောင်း၊ အဆိုပါ တက္ကသိုလ်များက ငါး၊ ပုစွန်၊ ပုလဲမွေးမြူရေး၊ ကမ်းလွန်ဒေသ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ဒေသအကျိုးပြု သုတေသနများဆောင်ရွက်ပြီး မိမိဒေသ၌ပင်နေထိုင်ကာ အလုပ်လုပ်ကိုင်မည့် ဒေသခံဘွဲ့ရပညာတတ်များ၊ ပြောင်မြောက်သည့် သုတေသီများကို မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတစ်ဝန်း တက္ကသိုလ်များက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် နည်းပညာသစ်များနှင့် ကျွမ်းကျင်မှု အဖုံဖုံကို ဆောင်ကြဉ်းပေးကြရမည်ဖြစ်ကြောင်း။
တစ်တပ် တစ်အားပါဝင်
ယနေ့ ကျင်းပပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသန ညီလာခံကြီးတွင် စာတမ်းများ ဖတ်ကြားတင်သွင်းကြမည့် သုတေသီများနှင့် နိုင်ငံတစ်ဝန်းတက္ကသိုလ်၊ ဒီဂရီကောလိပ် အသီးသီးက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ဘာသာရပ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု အသုံးချသုတေသနများကို ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ပေးရန်နှင့် မိမိတို့ တတ်ကျွမ်းထားသည့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ပြီး အကျိုးပြုပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများ သည် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၏ ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန် ရိုးရာအကများ ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေတင်ဆက်မှုများ အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ငွေများကိုပေးအပ်ရာ မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဖိတ်ကြား ထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများနှင့်အတူ တက္ကသိုလ်များ၏ အချက်အလက်များနှင့် သုတေသနဆောင်ရွက်မှု တင်ပြခြင်းများအား ပြသထားသည့် တက္ကသိုလ်အသီးသီးမှ သုတေသနပိုစတာများနှင့် သုတေသနပြကွက်များကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုကြရာ ပြကွက်အလိုက် တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


