၂၂ စက်တင်ဘာ

နှစ်ဆယ့်တစ်ရာစု အကူးအပြောင်းတွင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်အမျိုးမျိုးက လူသားတို့ကို အလေးအနက်ထားစရာ အများအပြားကို သတိပေးလာသည်။

မိုးသည်းထန်မှုများ၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများ၊ အလွန်အမင်းပူပြင်းလာမှုများ၊ အအေးလှိုင်းဝင်ရောက်လာမှုများ၊ ငလျင်လှုပ်သံတော်လဲသံများ စသည်စသည် အမျိုးမျိုးအဖုံဖုံသော ရာသီဥတု ဖောက်ပြန်မှုတို့က ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေသည်။

သည်လိုထဲတွင် စားနပ်ရိက္ခာရှားပါးမှု၊ မငြိမ်းချမ်းနိုင်သော လက်နက်ကြီးလက်နက်ငယ်သံတို့ မစဲနိုင်အောင် ဖြစ်နေသည့် စစ်ပွဲများက ထပ်မံအားဖြည့်ပေးနေသေးသည်။

နောက်ထပ် နှစ်ပေါင်းမည်မျှလောက် နေချင့်စဖွယ်ကမ္ဘာကြီး ဖြစ်နေဦးမလဲ။ ယခုပင်လျှင် နေချင့်စဖွယ်ဖြစ်မှ ဖြစ်ပါသေးရဲ့လား အစရှိသော မေးခွန်းများက လူသားတို့ကို မေးခွန်းထုတ်နေပြီ ဖြစ်ပါသည်။

ပညာတတ် မျိုးဆက်သစ်တို့ကြားတွင် နောက်မျိုးဆက်သစ်ဟူ၍ ဆက်လက်မွေးမြူရန် သင့်မသင့်ကိုပင် အပြင်းအထန်စဉ်းစားလာနေကြကြောင်း ကြားသိနေရသည်။ သူတို့၏ မျိုးဆက်သစ်များကို ယခုလို သဘာဝဘေးဒဏ်များနှင့် ဖောက်လွဲဖောက်ပြန် ရာသီဥတုတို့အကြားမှာ ထားရစ်ဖို့ သင့်လျော်ပါ၏လော။ သူတို့လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတစ်စုံတစ်ရာ တိုးတက်အောင် မလုပ်နိုင်ပါဘဲနှင့် ဘယ်လိုကမ္ဘာကြီးကို နောက်မျိုးဆက်တို့အား အမွေပေးကြမလဲ စသည်ကဲ့သို့သော စဉ်းစားမှုများရှိနေကြချေပြီ။

နောင်အနာဂတ်မျိုးဆက်တို့ ခံစားရသမျှ ဆိုးမွေအားလုံးတို့သည် ယနေ့မျိုးဆက်တို့၏ တာဝန်မကျေမှု၊ ယနေ့မျိုးဆက်တို့၏ ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ချေတော့မည်။ ယနေ့မျိုးဆက်တို့သည်ပင်လျှင် ရှေ့မျိုးဆက်က အလိုရမ္မက်ကြီးသူတို့၊ လောဘကြီးသူတို့၊ တစ်ကိုယ်ကောင်းဆန်သူတို့၏ အမွေဆိုးကို ဆက်ခံနေရသည် မဟုတ်ပါလော။ သည်လို ဆင့်ကဲဆင့်ကဲ ရလာခဲ့သည့် အမွေဆိုးများကို ယခုမျိုးဆက်တွင် မည်သို့ ဖြတ်တောက်ကြမလဲ၊ မည်သို့ပြင်ဆင်ကြမလဲ ဆိုတာကို တွက်ချက်စီမံကြရပါတော့မည်။

သည်ကနေ့ကာလမှာ သဘာဝကို အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်နိုင်ကြဘူးဆိုလျှင်၊ စစ်ပွဲများကို ရပ်တန့်ကာ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ကြဘူးဆိုလျှင်၊ ပညာဉာဏ်ကြီးကြီးဖြင့် လူသားအားလုံးတို့၏ စားဝတ်နေရေးကိစ္စအဝဝကို ခြုံငုံမစဉ်းစားကြဘူးဆိုလျှင် လူသားမျိုးနွယ်တို့ ရေရှည်တည်တံ့ဖို့ ခက်ချေတော့မည်။

ယခုပင်လျှင် ဘေးဒုက္ခအကျပ်အတည်းတို့က တစ်ပုံတစ်ပင်။ ငတ်သူတို့ငတ်နေကြ၊ စစ်ဘေးအန္တရာယ်က ပြေးသူတို့ပြေးနေကြရ၊ သဘာဝဘေးဒဏ်တို့အကြားမှာ မလူးသာမလွန့်သာ ဖြစ်သူတို့ ဖြစ်နေကြရ။

သည်လိုပဲ ယနေ့မျိုးဆက်က အသိပညာကင်းမဲ့စွာ၊ သိက္ခာကင်းမဲ့စွာ၊ အတ္တကြီးစွာ၊ လောဘအလိုကြီးစွာ၊ ကိုယ်ကျိုးစီးပွားကိုသာ စူးစိုက်ကာ နေကြဦးမည်ဆိုလျှင် လူ့ဘုံလူ့ရွာ၊ လူ့ကမ္ဘာနှင့် လူမျိုးနွယ်တို့ ရှေ့ခရီး မည်သို့ ဆက်ကြမည်နည်းဟု ချင့်ချိန်သင့်ကြပြီ။

ကမ္ဘာ့သက်တမ်းမည်မျှလောက် ဆက်ရှည်ဦးမလဲ၊ နေချင့်စဖွယ် ကမ္ဘာကြီးကို မည်သို့ရနိုင်မလဲ။ မိမိတို့မျိုးဆက် သို့မဟုတ် မိမိတို့၏ သားသမီးများမျိုးဆက် သို့မဟုတ် မဝေးလှသော အနာဂတ် ဘယ်အချိန်အခါမှာ မိမိတို့ ပယောဂကြောင့် လူ့မျိုးနွယ်စု ရပ်ဆိုင်းသွားမလဲ။

ယနေ့ယခု မိမိတို့ ဘယ်လိုအဖတ်ဆယ်နိုင်ကြမလဲ။ မိမိတို့၏ အတ္တများကို ဘယ်လိုလျော့ပါးအောင် ကြိုးစားကြမလဲ။ မိမိတို့ လောဘသက္ကာယများကို ဘယ်လိုချိုးနှိမ်ကြမလဲ။ စစ်ပွဲများကို ဘယ်လို ရပ်တန့်ကြမလဲ။ သဘာဝတရားကြီးကို ဘယ်လိုပြန်လည်ဂရုစိုက် ပျိုးထောင်ကြမလဲ။

သားသမီးမြေးမြစ် မျိုးဆက်များအတွက် လေးလေးနက်နက် စဉ်းစားချင့်ချိန်ကာ စောင့်ထိန်းကြ၊ လိုက်နာကြ၊ အားထုတ်ဆောင်ရွက်ကြဖို့ လိုချေပြီ။

မြန်မာ့အလင်း