ရန်ကုန် နိုဝင်ဘာ ၄
ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာသင်တန်းကို ၂၀၀၂-၂၀၀၃ ပညာသင်နှစ် နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ အမှတ်စဉ်(၁) ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အမှတ်စဉ်(၁၉)အထိ ရှိခဲ့ပြီး ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာရရှိပြီးသူ ၃၁၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဘွဲ့အပ်နှင်းသည့် ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲနှင့် ပြတိုက်ဆိုင်ရာ လက်တွေ့ခင်းကျင်းမှုပြပွဲကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူများက သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများ၏ မေးမြန်းချက်များကို တစ်ဦးချင်းစီ ရှင်းလင်းဖြေကြားကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ၏ ဘွဲ့လွန်ပြတိုက်ပညာရပ်ဆိုင်ရာ လက်တွေ့ခင်းကျင်းမှု နည်းပညာဘာသာရပ်မှ ပြတိုက်ဆိုင်ရာ လက်တွ့ခင်းကျင်းမှု Digital Museum Exhibiton ပြပွဲကို ဆက်လက်ပြသရာ ပြကွက်(၁) Image AR Project၊ ပြကွက်(၂) AR Scanning Project၊ ပြကွက်(၃) Mirror Hologram Project၊ ပြကွက်(၄) Digital Kiosk for Touch Project၊ ပြကွက်(၅) QR Mobile Scanning Prokect၊ ပြကွက်(၆) Visual Tour Simulation စသည့် ပြကွက်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ချစ်မြတ်နိုးသူများက လာရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
ကိုကိုဇော်(သတင်းစဉ်)