၁၁ ဇွန်
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ ထားရှိတဲ့ ခရစ်တိုဖာ ကိုလံဘတ် ရုပ်ထုဟာ ခေါင်းဖြတ်ခံထားရကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။ အမေရိကန်နိုင်ငံတွင်းက လူမျိုးရေးဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်းမှာ ကိုလိုနီပြုလုပ်ခဲ့သူများနဲ့ ကျွန်ကုန်ကူသူများရဲ့ ရုပ်ထုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုနေကြစဉ်မှာ အခုလို ကိုလံဘတ်ရုပ်ထုရဲ့ ခေါင်းဖြတ်ခံရတာဖြစ်ပါတယ်။
မီယာမီရှိ ကိုလံဘတ်ရုပ်ထုဟာလည်း ဖျက်ဆီးခံရသလို ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်မှာရှိတဲ့ ကိုလံဘတ်ရုပ်ထုကိုလည်း ဒီသီတင်းပတ်အတွက် ဖြုတ်ချပြီး ရေကန်ထဲ ဆွဲချခံခဲ့ရကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန် လူမည်းအမျိုးအသား ဂျော့ချ်ဖလွိုက်ဟာ လူဖြူရဲသားတစ်ဦးကြောင့် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်နိုင်ငံမှာ လူမျိုးရေးဆန့်ကျင့်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။
အီတလီလူမျိုး ခရစ်တိုဖာ ကိုလံဘတ်ဟာ ကမ္ဘာသစ်ကို ရှာဖွေနိုင်သူအဖြစ် ကျောင်းသင်ခန်းစာတွေမှာ ဂုဏ်ပြုထားပေမယ့် အမေရိကရှိ ဌာနေတိုင်းရင်းသားတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သူအဖြစ် စဉ်းစားသူများလည်း ရှိလာနေပါတယ်။
ဘော်စတွန်ရှိ ကိုလံဘတ်ရုပ်ထုဟာ မြို့လယ်ကောင်မှာရှိပြီး ရုပ်ထုနဲ့ပတ်သတ်ပြီး သဘောထားမတိုက်ဆိုင်နေတာ နှစ်အတော်တန်ကြာနေပြီဖြစ်ပြီး အရင်ကလည်း ရုပ်ထုဟာ ဖျက်ဆီးခံခဲ့ရဖူးကြောင်း သိရပါတယ်။
MDN
ကိုးကား -AFP