ဘောလိဝုဒ်မင်းသမီး သျှရီဒေဝီ ကွယ်လွန်

ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ နာမည်ကျော် ကြယ်ပွင့်တစ်ဦးဖြစ်သူ သျှရီဒေဝီဟာ လတ်တလောမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီသတင်းကို ဟောလ်ဝုဒ်မီဒီယာစာမျက်နှာတွေပေါ်မှာလည်း တွေ့နေရပါတယ်။ သျှရီဒေဝီဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၅၄ နှစ်အရွယ်သာ ရှိသေးတာဖြစ်တယ်လို့လည်းသိရပါတယ်။

 

ဘောလိဝုဒ်ရဲ့ အဓိကဇာတ်ဆောင်မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ သျှရီဒေဝီဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ရုတ်တရက် နှလုံးရပ်တာကြောင့် သေဆုံးသွားခဲ့တာဖြစ်ကြောင်း သူ့ရဲ့ဝမ်းကွဲ မောင်တော်စပ်သူက အိန္ဒိယသတင်းဌာနကို အတည်ပြုပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ သျှရီဒေဝီရဲ့မောင်ဖြစ်သူ ပြောကြားချက်အရ မင်းသမီးဟာ သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ အာရပ်စော်ဘွားများ ပြည်ထောင်စုကို မင်္ဂလာအခမ်းအနားတက်ရောက်ဖို့ရာ ရောက်ရှိနေတာဖြစ်ပြီး သူနဲ့အတူ ခင်ပွန်းဖြစ်သူ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ဘွန်နီကပူးလ်နဲ့ သမီးဖြစ်သူတို့လည်း အတူ လိုက်ပါလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

သျှရီဒေဝီကပူးလ်လို့အမည်ရပေမယ့် သျှရီဒေဝီလို့သာလူသိများတဲ့ မင်းသမီးကြီးဟာအိန္ဒိယရဲ့ ဟိန္ဒူရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းမပြုမီက တမီး၊ တယ်လူဂူ၊ မာလေ ယာလမ်၊ ကောနက် စတဲ့ဒေသတွင်းရုပ်ရှင်လေးတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေကြောင့် ဟိန္ဒူရုပ်ရှင်ကားကြီးတွေမှာ ပါဝင်ခွင့်ရလာခဲ့ပြီး အောင်မြင်တဲ့ ဇာတ်ဆောင်တစ်ဦးဖြစ်လာခဲ့တာပါ။ သူဟာသရုပ်ဆောင်နယ်ပယ်အတွင်းကိုတော့ ကလေး သရုပ်ဆောင်တစ်ဦးအဖြစ် အသက်လေးနှစ်အရွယ်မှာ စတင်ခြေချခဲ့တာဖြစ်ပါတယ်။


ဘောလိဝုဒ်သရုပ်ဆောင်အဖြစ်ကိုတော့ အသက် ၁၂ နှစ်အရွယ်မှာ "Julie" ရုပ်ရှင်နဲ့ စတင်ခဲ့ တာဖြစ်ပြီး ၁၃ နှစ်အရွယ်မှာတော့ ဇာတ်ဆောင်တစ်ဦးအဖြစ် "Moondru Mudichu" ရုပ်ရှင်နဲ့ ပရိသတ်ရှေ့ရောက်လာခဲ့တာဖြစ်ပါတယ်။ သူရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်တဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆု ၁၀ ဆု အမည်စာရင်း တင်သွင်းဖော်ပြခြင်းခံခဲ့ရကာ အဲဒီထဲကမှ ငါးဆုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ထူးချွန်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

အေးပြည့်