ဘောလခဲ ၁၂ နိုဝင်ဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့်  လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၀၉ ဒသမ ၀၀၄ သန်း ဖြင့် စွပ်ပိုင်-ဟွေအော့-ဟွေအွန်-ဟွေပုံလောင်းကျေးရွာချင်းဆက် မြေလမ်းအား လမ်းအကျယ်ချဲ့ခြင်း လုပ်ငန်းကို လမ်းအရှည် (၅)မိုင်၊ (၂)ဖာလုံကျောက်တောင် မိုင်းခွဲခြင်း၊ အရှည်ပေ (၃၀၀) မြေထိန်းနံရံ တည်ဆောက်ခြင်း၊ လမ်းအရှည် (၅)မိုင်အား မြေသားလမ်းချဲ့ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စွပ်ပိုင်-ဟွေအော့-ဟွေအွန်-ဟွေပုံလောင်းလမ်းသည် အရှည် (၂၄)မိုင် ရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း (၇)မိုင်(၃)ဖာလုံဖောက်လုပ်ခြင်း၊ ကျောက်လမ်း(၃)ဖာလုံ၊ မြေသားလမ်းမြင့်တင်ခြင်း(၁)မိုင်၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဘေလီတံတား(၅၀)ပေ (၂)စင်း၊ (၈၀)ပေ (၁)စင်း၊ ကွန်ကရစ်တံတား (၁၅)ပေ (၁)စင်း၊ ပေ(၃၀) (၄)စင်း၊ ပေ (၄၀) (၁)စင်းနှင့် Box Culvert (၆)စင်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။

 

အဆိုပါ စွပ်ပိုင်-ဟွေအော့-ဟွေအွန်-ဟွေပုံလောင်းကျေးရွာချင်းဆက်လမ်းသည် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၏ နယ်စွန်နယ်ဖျားကျေးရွာဖြစ်ပြီး ရှားတောမြို့နယ်၊ မယ်စဲ့မြို့နယ်တို့နှင့် ထိစပ်လျက်ရှိရာ ထိုင်းနိုင်ငံနယ်နိမိတ်ဖြစ်သော BP-10 ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံဟွေလွေကျေးရွာမှ တစ်ဆင့် မယ်ဟောင်ဆောင်မြို့သို့ ရောက်ရှိမည်ဖြစ်၍ ကိုဗစ်ရောဂါ ကင်းစင်သွားပါက ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကိုစိုင်း (လွိုင်ကော်)