ဘောလခဲ  ၂၀ စက်တင်ဘာ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အတွင်းရှိ အသက်(၈၅)အထက် သက်ကြီးဘိုးဘွာများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသန့်က အမှာစကားပြောကြားရာတွင် ကလေးသူငယ်များအား ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်လာစေရန် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များ အာဟာရဆိုင်ရာ ရလဒ်များ တိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေအား အကျိုးခံစားခွင့်ရှိသူထံသို့ တိုက်ရိုက်ရရှိစေရန်အတွက် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီဌာနက ဦးစီးပြီး ဆောင်ရွက်ခြင်း ဖြစ်သော်လည်း ရပ်ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများက နာမည်စာရင်းများ မကျန်ခဲ့အောင် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့ပေးသည့် ငွေများအား အာဟာရပြည့်ဝသည့် အစားအသောက်များကို ဝယ်ယူစားသုံးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမိုးက အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးစိုးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအပေါ် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်