ဘောလခဲ ၊ ၂၁ ဒီဇင်ဘာ

 

ကယားပြည်နယ် ဘောလခဲမြို့နယ်ရှိ ကျေးရွာ ၇ ရွာကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၇၀၀၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဘောလခဲမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် ဟော်ခမ်း၊ ချိကွဲ့၊ စောင်းလော့၊ လွယ်ဝိုင်း၊ နန့်နောက်၊ ဝမ်ချယ်၊ မိုင်းထမ်းကျေးရွာ ၇ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၇၀၀၊ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါကျေးရွာ ၇ ရွာရှိ ပြည်သူများကို စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က ပြောပြ၍သိရသည်။

 

ငြိမ်းသူ