၂၅ ဇူလိုင်
ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်က မနေ့က ထုတ်ပြန်ကြေငြာလိုက်တဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်မှာ ဘရစ်ဇစ်လိုလားသူများပါဝင်တာကို တွေ့ရပါတယ်။

ဝန်ကြီးချုပ်သစ်ဟာ ဒီကနေ့ (ကြာသပတေးနေ့)မှာ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ ပထမဦးဆုံး အစည်းအဝေးထိုင်မှာဖြစ်ပါတယ်။ ၃ နှစ်တိုင် ဖြေရှင်းမရနိုင်တဲ့ ဘရစ်ဇစ်ကို ၃ လနဲ့ ဖြေရှင်းဖို့ဆိုတာ စိန်ခေါ်မှုအကြီး အကျယ်တစ်ခုတော့ ဖြစ်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်း မေရဲ့ အစိုးရအဖွဲ့ဝင်ထဲမှ ဝန်ကြီးနေရာ တစ်ဝက်ကျော်ကို အစားထိုးထားတဲ့ ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့ဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ သဘောတူညီချက်အသစ်နဲ့ ထွက်အောင် လုပ်ဆောင်နိုင်မလား။ သဘောတူညီချက် တစုံတရာမရှိဘဲ ထွက်လာနိုင်မလားဆိုတာကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မနေ့က ပြောကြားခဲ့တဲ့ ဝန်ကြီးချုပ်သစ်ရဲ့ မိန့်ခွန်းမှာ အီးယူကနေ ဗြိတိန်ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာထွက်မယ်။ ဘယ်လိုအကြောင်းအရာက တားဆီးမရဘူးလို့ ပြောကြားထားပါတယ်။
ဘောရစ်ရဲ့ အစိုးရအဖွဲ့မှာ ပထမဦးဆုံးခန့်အပ်တဲ့ ဝန်ကြီးကတော့ ပြည်ထဲရေးဝန်ကြီး ဆာရစ်ဂျာဗစ်ကို ဘဏ္ဍရေးဝန်ကြီးအဖြစ် ခန့်အပ်တာဖြစ်ပါတယ်။ ဂျာဗစ်ဟာ ပါကစ္စတန်နိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့ မိသားစုကနေ မွေးဖွားလာသူဖြစ်ပါတယ်။
အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီးနေရာကို ဒိုးမစ်နစ်ရက်ဘ်ကို ပေးအပ်ခဲ့ပါတယ်။ ရက်ဘ်က သူ့အနေနဲ့ အီးယူကနေ ဗြိတိန်ထွက်ခွာဖို့ သဘောတူညီချက်တစုံတရာ မရှိဘဲ ထွက်ခွာနိုင်ဖို့ လိုအပ်ရင် ပါလီမန်ကို ရပ်နားပစ်တာမျိုး လုပ်ဆောင်ဖို့ ထောက်ခံမယ်လို့ သတင်းသမားတွေကို ပြောကြားပါတယ်။
ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့မှာ အမျိုးသားအများစုပါဝင်တာကိုတွေ့ရပါတယ်။ ထရီဇာမေ အစိုးရအဖွဲ့တွင် အမျိုးသမီးပါဝင်နှုန်း ၃၀ ရာခိုင်နှုန်းရှိပေမယ့် ဂျွန်ဆင်အစိုးရအဖွဲ့ဝင်မှာတော့ အမျိုးသမီး ပါဝင်နှုန်းမှာ ၂၆ ရာခိုင်နှုန်းပဲရှိတာကို တွေ့ရပါတယ်။
ဘောရစ်ဝန်ကြီးချုပ်ဖြစ်လာတာကို ဥရောပသမဂ္ဂဥက္ကဌ ဒေါ်နယ် တက်ကလည်း ဝမ်းမြောက်ကြောင်းပြောပြီး ဘရစ်ဇစ်အတွက် ဆွေးနွေးပွဲအသေးစိတ်ကို ဆွေးနွေးဖို့ စောင့်မျှော်နေကြောင်း ပြောကြားပါတယ်။
သဘောတူညီချက်မရှိဘဲ ဗြိတိန်ထွက်မယ်ဆိုရင် အခက်အခဲအများဆုံး ကြုံတွေရမယ့် အိုင်ယာလန် ဝန်ကြီးချုပ်ကတော့ သဘောတူညီချက်အသစ်ကို သီတင်းပတ်အနည်းငယ် သို့မဟုတ် လအနည်းအငယ်တွင်းမှာ ဖြစ်နိုင်ဖို့ဆိုတာ လက်တွေဘဝမှာ မဖြစ်နိုင်ဘူးလို့ ခပ်ထေ့ထေ့ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဂျွန်ဆင်ကို သူဟာလူတော်တစ်ယောက်ဖြစ်တယ်။ ဂျွန်ဆင်ကို ဗြိတိန်ထရန့်လို့ပြောပြီး ဝမ်းမြောက်ကြောင်း သတင်းစကားကို ပထမဦးဆုံးပြောတဲ့ ကမ္ဘာ့ခေါင်းဆောင် ဖြစ်ပါတယ်။
ဘောရစ်ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ်ပါတီဝင် တစ်သိန်းနီးပါးက ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ရာကနေ ဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပါတယ်။
MDN
ကိုးကား- AFP