နေပြည်တော် မတ် ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ဉီးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ဘေးအန္တရာယ် ကြုံတွေ့ခံစားရသူများကို ကူညီဖြည့်ဆည်း ထောက်ပံ့မှုပြုရသော ဌာနတစ်ခုအနေဖြင့် ၁၉၄၅ ခုနှစ်မှ စတင်ခဲ့သည်မှာ နှစ်ပေါင်း (၈၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆယ်စုနှစ် ၈ ခုတာကာလအတွင်း ဘေးသင့်သူများ လတ်တလောသက်သာချောင်ချိရေး၊ ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် နိုင်ငံဖြစ်လာစေရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း။
ယခုဆိုလျှင် ဦးစီးဌာနသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးရုံးအဖြစ်လည်းကောင်း၊ အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗဟိုချက်ဌာနတစ်ခုအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိနေကြောင်း၊ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းဟောင်းကြီးများ၏ တာဝန်ထမ်းဆောင်ခဲ့မှုများကို လေးစားအသိအမှတ်ပြုသကဲ့သို့ လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများ၏ တာဝန်ကျေပွန်မှု၊ ဌာန၏ လုပ်ငန်းများအပေါ် စေတနာထားဆောင်ရွက်မှုများအတွက်လည်း ဂုဏ်ယူပါကြောင်း၊ မျိုးဆက်သစ် ဝန်ထမ်းများအနေဖြင့် အငြိမ်းစားဝန်ထမ်းဟောင်းကြီးများ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကို ထိန်းသိမ်းရင်း ဦးစီးဌာန၏ လုပ်ငန်းများကို ပိုမိုတိုးတက် အောင်မြင်စေရေး၊ ဝန်ကြီးဌာနအတွက် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများပေးနိုင်သည့် ဦးစီးဌာနအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြောကြားပြီး ဦးစီးဌာန စတင်တည်ထောင်ချိန်မှစ၍ နှစ်(၈၀)ပြည့်သည့် ကာလအတွင်း ခေတ်အဆက်ဆက်ပြောင်းလဲ တိုးတက်လာမှု မှတ်တမ်းတင်ဗွီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်း ဟောင်းကြီးများ၊ ဌာနဝန်ထမ်းများသည် ညစာအတူတကွသုံးဆောင်ကြသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ ကိုယ်တိုင်ပါဝင်တင်ဆက်ထားသည့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးတေး သရုပ်ဖော်တင် ဆက်ကပြခြင်းနှင့် ဦးစီးဌာနဝန်ထမ်းများက တေးသီချင်းများသီဆိုခြင်း အစီအစဉ်များပြုလုပ်ကြပြီး သီဆိုဖျော်ဖြေခဲ့ကြသော ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးကဂုဏ်ပြုချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဦးစီးဌာနအငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်