နေပြည်တော် ဇူလိုင် ၇

ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများ ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင် ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ကျောင်း၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ယနေ့အထိ သင်တန်း ၁၀၇ ကြိမ်ဖွင့်လှစ်ခဲ့ပြီး ဦးစီးဌာနမှ ဝန်ထမ်း ၁၇၇၅ ဦး၊ အခြားဝန်ကြီး ဌာနများမှ ဝန်ထမ်း ၂၀၃၆ ဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ ၇၆၀ စုစုပေါင်း ၄၅၇၁ ဦးကို သင်ကြားပို့ချနိုင်ခဲ့ကြောင်း၊ အဆိုပါသင်ရိုးညွှန်းတမ်းများကို လက်တွေ့ကျကျ ပိုမိုအသုံးချနိုင်ရန် ပြင်ဆင်ဖြည့်စွက်သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်‌ရောက်လာကြသူများက ဆွေးနွေးပွဲအစီအစဉ်အတိုင်း ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ဇူလိုင် ၇ ရက်နှင့် ၈ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်